
AB News – မတ် ၂၀၊ ၂၀၂၆
မြန်မာ၊ ကမ္ဘောဒီယား အပါအဝင် အရှေ့တောင်အာရှရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းများ၏ နောက်ကွယ်တွင် တရုတ်အစိုးရရှိနေပြီး အမေရိကန်ပြည်သူများအား ထိခိုက်စေရန် ပစ်မှတ်ထားလိမ်လည်နေကြောင်း အမေရိကန်၏ ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့- FBI ညွှန်ကြားရေးမှူး ကတ်ရှ်ပါတေးလ်က ပြောကြားလိုက်သည်။
ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးဆိုင်ရာ အထူးကော်မတီကြားနာပွဲ၌ အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့- FBI ညွှန်ကြားရေးမှူး ကတ်ရှ်ပါတေးလ်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာ၊ ကမ္ဘောဒီးယား အပါအဝင် အရှေ့တောင်အာရှတစ်လွှားတွင် အခြေစိုက်၍ အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်နေသော အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Syndicates) အများစုမှာ တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်ဟု FBI ညွှန်ကြားရေးမှူးက ထုတ်ဖော်ပြောကြားလိုက်သည်။
FBI ညွှန်ကြားရေးမှူး ကတ်ရှ်ပါတေးလ်က အဆိုပါငွေလိမ်စင်တာအများစုမှာ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် တည်ရှိနေသည်ဟု ဆိုထားသည်။
တရုတ်ကွန်မြူနစ်ပါတီသည် အမေရိကန်ပြည်သူများကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် ထိုကျားဖြန့်ငွေလိမ်ဝင်းများကို တည်ဆောက်နိုင်အောင် နောက်ကွယ်မှ ကူညီပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် FBI အနေဖြင့် အွန်လိုင်းငွေလိမ်မှုများကို နှိမ်နင်းရန် အထူးစစ်ဆင်ရေးတစ်ခုကို စတင်နေပြီဖြစ်ကြောင်းလည်း ပြောကြားထားသည်။
ထိုကျားဖြန့် ငွေလိမ်ဝင်းများအတွင်း အင်တာနက်ဖြတ်တောက်နိုင်ရန် ဒေသတွင်းအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နောက်ပိုင်းတွင် အဆိုပါနိုင်ငံများအတွင်းသို့ ဝင်ရောက်ကာ ငွေလိမ်ဂိုဏ်းဝင်းအားလုံးကို ချေမှုန်းမည်ဖြစ်ကြောင်း FBI ညွှန်ကြားရေးမှူးက ပြောဆိုထားသည်။
ထိုင်းအစိုးရနှင့် FBI ခေါ် အမေရိကန်ထောက်လှမ်းရေးအေးဂျင့်များ ပူးပေါင်း၍ ထိုင်း- မြန်မာနိုင်ငံနယ်စပ် မြဝတီမြို့အနီးရှိ ငွေလိမ်ဝင်းများကို ထိုင်းနိုင်ငံဘက်ခြမ်းမှနေ၍ အနီးကပ်စောင့်ကြည့်လျက်ရှိသည်။