သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လေးမျက်နှာမြို့နယ်အတွင်း စစ်ဘေးရှောင်နေသော ရက္ခိုင်လူမျိုးများကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေ

AB News – မတ် ၁၇၊ ၂၀၂၅

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း စစ်ဘေးရှောင်နေကြေသာ ရက္ခိုင်လူမျိုးများကို အကြမ်းဖက်စစ်ကောင်စီတပ်မှ AA နှင့် ပတ်သတ်သည်ဟု စွပ်စွဲကာ လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများက ဆိုကြသည်။

ပြီးခဲ့သည့် မတ်လ ၁၅ရက်နေ့၊ ည ၈နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေးမျက်နှာမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စုအား ဝင်ရောက်စီးနင်းခဲ့ပြီး AA နှင့် ပတ်သတ်သည်ဟု စွပ်စွဲကာ စစ်ဘေးရှောင် ရက္ခိုင်လူမျိုးများကို လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ အောင်ဇံကွင်းကျေးရွာမှ စစ်ဘေးရှောင် ရက္ခိုင်လူငယ် ၁ဦး နှင့် ဇီးပင်ကွင်းကျေးရွာမှ ရက္ခိုင်အမျိုးသား ဦးအောင်ဝင်း ကို AAနှင့် ပတ်သတ်သည်ဟု စွပ်စွဲကာ အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသည့် စစ်ဘေးရှောင် ရက္ခိုင်လူမျိုး ၂ဦး ကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းကို မသိရသေးသည့်အပြင် ၎င်းတို့၏ မိသားစုဝင်များနှင့်လည်း အဆက်အသွယ်မရ ဖြစ်နေပြီး ယင်းအပြင် ကွင်းကြီးကျေးရွာအုပ်စုအတွင်းရှိ ရွာများကိုလည်း အချိန်ကြာမြင့်စွာ ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၉ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ မရမ်းချိုကျေးရွာနှင့် ဘုရားကြီးကျေးရွာရှိ ဒေသခံများကို စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ကာ ထိုရွာများတွင်ခိုလှုံနေသည့် ရက္ခိုင်စစ်ဘေးရှောင် အမျိုးသား ၁၆ဦး နှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ရက္ခိုင်စစ်ဘေးရှောင် ၂၀ဦးအား AA ကို သတင်းပေးသည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီတပ်မှ AA နှင့် ပတ်သတ်သည်ဟုဆိုကာ ဖမ်းဆီးထားသည့် ရက္ခိုင်စစ်ဘေးရှောင် ရာနှင့်ချီရှိနေပြီး ထိုအဖမ်းခံရသူများထဲမှ အချို့မှာ ပြန်လည်လွတ်မြောက်လာသော်လည်း အများစုမှာ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ