
AB News – ဇန်နဝါရီ ၂၈ ၊ ၂၀၂၆
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အထက(၁)ကျောင်းတွင် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပြီး ကျောင်းသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရွှေပြည်သာမြို့နယ် အထက (၁) ကျောင်းအတွင်း ကျောင်းသားချင်း ခိုက်ရန်ဖြစ် ထိုးကြိတ်မှုကြောင့် Grade-7 ကျောင်းသားဖြစ်သူ မောင်မိုးသူရိန် သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းအပြင် သေဆုံးသူတွင် နှလုံးရောဂါ အခံလည်းရှိကြောင်း သိရသည်။
ကျောင်းတာဝန်ရှိသူများက သေဆုံးခဲ့သည့် ကျောင်းသား၏ မိဘကို ဘောလုံးကစားစဥ် အမောဖောက် သေဆုံးသည်ဟုဆိုပြီး ပြောဆိုထားကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ရန်ကုန်မြို့၏ လူစည်ကားရာ ကမာရွတ်မြို့နယ်၊ လှည်တန်းတွင် လူငယ်များ အုပ်စုဖွဲ့ရန်ဖြစ်ခဲ့ကြောင်း သိရှိရသည်။
၎င်းအပြင် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအချို့တွင် စာသင်ကျောင်းများအတွင်း အုပ်စုဖွဲ့ အနိုင်ကျင့်သည့် ဖြစ်စဥ်များစွာရှိလာခဲ့ပြီး ၎င်းဖြစ်စဥ်များသည် စစ်တပ်အာဏာသိမ်းပြီး ပိုမိုဆိုးရွားလာကြောင်း ဒေသခံအချို့က ပြောသည်။
လုယက်၊ ဓားပြတိုက်သည့် ဖြစ်စဥ်များကလည်း နေ့စဥ် ဖြစ်ပွားနေသော်လည်း ကျူးလွန်သူများကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမှုများ မတွေ့ရကြောင်း ပြည်သူများက ဝေဖန်နေသည်။