AB News – ဇူလိုင် ၁၀၊ ၂၀၂၆
ဂွမြိုနယ်တွင် စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ရပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီခန့်က စစ်ကော်မရှင်သည် ဂွမြိုနယ်၊ ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာကို ဂျက်ဖိုက်တာ (၁) စီးဖြင့် ဗုံး (၂) လုံး ကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃) ဦးမှာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး နောက်ထပ် ဒေသခံ (၂) ဦးမှာ ပြင်းထန် ဒဏ်ရာများရရှိခဲ့သည်။
သေဆုံးသွားသူများမှာ ဂွမြိုနယ်၊ ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာမှ အသက် (၃) နှစ်အရွယ် မောင်ဖိုးသားလေး၊ အသက် (၅၃) နှစ်အရွယ် ဦးညွှန့်မောင်နှင့် အသက် ( ၅၇) နှစ်အရွယ် ဒေါ်မမလေးတိုဖြစ်ကြောင်း သိရသည်။
လက်ရှိမှာ ရက္ခိုင်က မြိုနယ် (၈) ခုနှင့်အထက်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ဒေသခံပြည်သူ သောင်းနှင့်ချီ ရေဘေးဒုက္ခကြုံတွေ့နေရချိန်၌ ဤကဲ့သို့ ဗုံးကြဲတိုက်ခိုက်နေခြင်းမှာ လူမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။





