သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲနယ်၊ ရေစင်ရွာနှင့် ဂွေးချောင်းရွာကြားတွင်လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားရ

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရေစင်ရွာ – ဂွေ့ချောင်းရွာကြားတွင် ယနေ့ ဧပြီလ ၁၃ရက်၊ နံနက် ၅ နာရီခန့်အချိန်မှ ၆နာရီအထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကြားရကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

မနက် ၅နာရီလောက် စပြီး ပစ်ခတ်သံတွေ ကြားရတယ်။ ရေစင်ရွာပတ်ဝန်းကျင်မှာတိုက်ပွဲဖြစ်နေတယ်လို့ ကြားသိရပါတယ်။ဟု

ဒေသခံတစ်ဦးက ဆိုသည်။

ရေစင်ကျေးရွာမှာ သံတွဲ-တောင်ကုတ် ကားလမ်းအနီးတွင် တည်ရှိပြီး ၎င်းရွာအနီးရှိ ရေစင်လမ်းဆုံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချတပ်စွဲနေသည်မှာ ၂လခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ရေစင်ရွာအနီးတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ပင်လယ်ဘက်ခြမ်းတွင် ကျောက်ချရပ်နားထားသည့် ရေတပ်နေဗီမှ လက်နက်ကြီးပစ်ကူများ ပစ်ပေးခဲ့ကြောင်း ရေစင်ရွာသား ၁ဦးက ပြောသည်။

နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်နိုင်တယ်။ အပြန်အလှန် ပစ်ခတ်သံတွေ ကြားရတယ်။ ပင်လယ်ဘက်မှာ ရပ်နားထားတဲ့ နေဗီက ပစ်ကူပေးခဲ့တာ ရှိတယ်။ အခုတော့ ပစ်သံတွေ ရပ်သွားပါပြီ။

ဒေသခံတစ်ဦးက ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင်ရှိ ရေစင်ရွာ၊ ဂွေ့ချောင်းရွာများမှ ရွာသားများမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်လာမည်ကို စိုးရိမ်၍ အခြားကျေးရွာများသို့ စစ်ရှောင်နေကြကြောင်း သိရသည်။

ပစ်ခတ်မှုများကြောင့် ပြည်သူများမှာ ကြောက်ရွံ့လျက်ရှိကာ သံတွဲမြို့ရှိ ဈေးဆိုင်များမှာလည်း ယမေ့မနက်က ပိတ်ထားကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ ညနေ ၁၀ နာရီခန့်အချိန်တွင် ကျိန္တလီမြို့၊ သဲကုန်းရွာမှ ကိုနေဇာလင်း၊ ကိုဝင်းမင်းထွတ်နှင့် ကိုညီလေးငယ် တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူ ၃ဦးအနက် ကိုဝင်းထွတ်နှင့် ကိုညီလေးငယ် တို့ကို ယမန်နေ့ ၁၂နာရီခွဲအချိန်တွင် ပြန်လွတ်ပေးခဲ့ပြီး ကိုနေဇာလင်းအား ဂွမြို့သို့ ကားဖြင့် ဖမ်းဆီးယူဆောင်သွားကြောင်း မျက်မြင်များက ဆိုသည်။

အာရက္ခတပ်တော်၏ ယမန်နေ့ ညနေက ထုတ်ပြန်ချက်တွင် တောင်ကုတ်တွင် စစ်ကောင်စီနှင့် တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ထားသော်လည်း သံတွဲနှင့်ပတ်သက်၍ ထုတ်ပြန်ပြောဆိုခြင်း တစ်စုံတရာမရှိသေးပေ။

#ABN#သံတွဲ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ