ABN
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါ မုန်တိုင်းကြောင့် ရခိုင်ရှိ ပုဇွန်ကန်တွေ အကုန်လုံးနီးပါး ကျိုးပေါက်သွားကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်တန်းကျွန်းတွင် ပုဇွန်ကန် ၁၀၀ ကျော်ခန့်ရှိပြီး ကျိုးပေါက်သွားသည့် ပုဇွန်ကန်များကို ပြန်လည် ဆည်ရန် ငွေကြေးအခက်အခဲ ဖြစ်နေရကြောင်း ပုဇွန်ကန်ပိုင်ရှင်များက ပြောသည်။
“ကျနော်တို့ရွာမှာ ရှိတဲ့ ပုဇွန်ကန် ၃၀ ကျော်အကုန်ပေါက်သွားပါတယ်။ ပြန်ဆည်ဖို့အတွက်လည်း ဘယ်လိုမှ အင်အားမရှိတော့ပါဘူး” ဟု ရွှေကမ္ဘာရွာမှ ဦးဌေးမောင်က ပြောသည်။
ကျိုးပေါက်သွားသည့် ပုဇွန်ကန် ၁ ကန်ကို ပြန်ဆည်ရန် ကျပ်သိန်း ၁၀၀ နီးပါးထိ ကုန်ကျနိုင်ကြောင်း သိရသည်။
၎င်းအပြင် လယ်ကွင်းများကိုလည်း ဆားငန်ရေများဝင်သွားသဖြင့် မိုးရာသီတွင် မိုးရွာသွန်းနှုန်းနည်းလျှင် လယ်သမားများမှာ လယ်စိုက်ပျိုးရန် မဖြစ်နိုင်ကြောင်း လယ်သမားများက ပြောသည်။