သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ ၉ ရွာမှ တောင်သူများကို မျိုးအာလူး ၃၉၉ အိတ် ထောက်ပံ့

AB News – နိုဝင်ဘာ ၂၇၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာမှ တောင်သူများ၏ ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် လယ်ယာမြေ ၈၀.၇ ဧကအတွက် မျိုးအာလူး ၃၉၉ အိတ်ကို မောင်တောခရိုင်ပါတီကော်မတီက ဦးဆောင်၍ နိုဝင်ဘာ ၂၆ ရက်တွင် ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့မှုသည် ဒေသခံတောင်သူများ ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေးနှင့် စားဝတ်နေရေးအခက်အခဲများ လျော့ပါးစေရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ကျေးရွာအလိုက် ခွဲဝေထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

ထောက်ပံ့ပေးခဲ့သည့် ကျေးရွာများမှာ သက္ကမလူမျိုးများနေထိုင်သည့် လောင်းချောင်းနှင့် င/ကျိုင်တောက်ကျေးရွာ၊ ရက္ခိုင်လူမျိုးများနေထိုင်သည့် အောင်လံပြင်၊ ရွှေအိုးပြင်၊ ရွာသစ်ပြင်၊ ဗျာလ်လချေ၊ သပြီတောနှင့် အင်းဖောက်ကျေးရွာတို့အပြင် မူဆလင်လူမျိုးများနေထိုင်သည့် ဆင်အိုးပြင်ကျေးရွာတို့ဖြစ်သည်။

ကျေးရွာအလိုက် ထောက်ပံ့မှုစာရင်းအရ လောင်းချောင်းကျေးရွာတွင် လယ် ၁၆ ဧကအတွက် မျိုးအာလူး ၇၉ အိတ်၊ င/ကျိုင်တောက်ကျေးရွာတွင် ၅ ဧကအတွက် ၂၄ အိတ်၊ အောင်လံပြင်ကျေးရွာတွင် ၆ ဧကအတွက် ၃၀ အိတ်၊ ဆင်အိုးပြင်ကျေးရွာတွင် ၁၆ ဧကအတွက် ၈၁ အိတ်၊ ရွှေအိုးပြင်ကျေးရွာတွင် ၇.၅ ဧကအတွက် ၃၈ အိတ်၊ ရွာသစ်ပြင်ကျေးရွာတွင် ၁၆ ဧကအတွက် ၇၈ အိတ်၊ ဗျာလ်လချေကျေးရွာတွင် ၂.၂ ဧကအတွက် ၁၁ အိတ်၊ သပြီတောကျေးရွာတွင် ၄ ဧကအတွက် ၂၀ အိတ်နှင့် အင်းဖောက်ကျေးရွာတွင် ၈ ဧကအတွက် ၃၈ အိတ်တို့ကို အသီးသီး ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဆင်အိုးပြင်ကျေးရွာမှ ဒေသခံတစ်ဦးက မျိုးစေ့ဈေးနှုန်းများ မြင့်တက်နေသည့်အချိန်တွင် ယခုကဲ့သို့ ထောက်ပံ့ပေးခြင်းသည် ငွေကြေးအခက်အခဲရှိသည့် တောင်သူများအတွက် များစွာအထောက်အကူဖြစ်ကြောင်း ပြောသည်။

“ဒီလိုမျိုး မျိုးစေ့တွေ ဈေးတက်နေတဲ့အချိန် ပါတီက ထောက်ပံ့ပေးတော့ သိသိသာသာ အဆင်ပြေသွားတယ်။ ကျွန်တော်တို့လို ဆင်းရဲနွမ်းပါးတဲ့သူတွေဆို ပိုအဆင်ပြေတာပေါ့။ နောက်လည်း ထောက်ပံ့ပေးစေချင်တယ်” ဟု ၎င်းက ပြောသည်။

ဘူးသီးတောင်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် မျိုးစေ့နှင့် စိုက်ပျိုးရေးနည်းပညာများကို စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနကလည်းကောင်း၊ လိုအပ်သည့် စက်ယန္တရားများကို စက်မှုလယ်ယာဌာနကလည်းကောင်း ခရိုင်ပါတီကော်မတီနှင့် ပူးပေါင်းကူညီပေးနေကြောင်း သိရသည်။

ထို့အပြင် လယ်ယာမြေလွတ်များတွင် ဆောင်းသီးနှံစိုက်ပျိုးလိုသော်လည်း အခက်အခဲရှိနေသည့် တောင်သူများကို မြေဆီလွှာနှင့် ရာသီဥတုအခြေအနေအပေါ် မူတည်ကာ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြားကျေးရွာများသို့လည်း တိုးချဲ့ကွင်းဆင်းပြီး မျိုးစေ့၊ စက်ယန္တရားနှင့် စိုက်ပျိုးရေးသွင်းအားစုများ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပါတီကော်မတီအနေဖြင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာမှ အိမ်ထောင်စု ၃၇၅ စုအတွက် ဆောင်းသီးနှံမျိုးစေ့၊ နွေစပါးမျိုးစေ့နှင့် စိုက်ပျိုးရေးသွင်းအားစုများကို အောက်တိုဘာလ နောက်ဆုံးပတ်မှစတင်ကာ ယခုအချိန်အထိ ဆက်လက်ကူညီထောက်ပံ့ပေးနေခြင်းဖြစ်သည်။

ရက္ခိုင်ပြည်အတွင်းရှိ မောင်တော၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် အာလူးကို ဆောင်းသီးနှံအဖြစ် အဓိကစိုက်ပျိုးကြပြီး ယခင်က ပြည်ပဈေးကွက်များသို့လည်း တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သို့သော် အာရက္ခတပ်တော် AA နှင့် စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် စိုက်ပျိုးရေးလုပ်ကိုင်သူ အရေအတွက် လျော့နည်းလာသည်ကို တွေ့ရသည်။

ထို့အပြင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ အမ်း၊ စစ်တွေ၊ ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင်လည်း ဆောင်းသီးနှံများကို အများအပြားစိုက်ပျိုးကြပြီး ငရုတ်၊ ခရမ်း၊ ဂေါ်ဖီ၊ ပြောင်း၊ မြေပဲနှင့် အာလူးတို့မှာ အဓိကစိုက်ပျိုးသည့် သီးနှံများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရက္ခိုင်ဒေသအတွင်း မတည်ငြိမ်မှုများနှင့် စိုက်ပျိုးရေးစရိတ်ကြီးမြင့်မှုများကြောင့် ၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တောင်သူများသည် ယခင်နှစ်များထက် စိုက်ပျိုးဧက ထက်ဝက်ခန့်အထိ လျော့ချစိုက်ပျိုးနေကြရကြောင်း တောင်သူများက ပြောသည်။

Photo – AB News

ထင်မြင်ယူဆချက်‌‌ပေးရန်