AB News – နိုဝင်ဘာ ၂၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာတွင် ရှေးဟောင်းအက္ခရာများနှင့် လေးထောင့်ဇယားကွက် (အင်းကွက်) များ ထွင်းထုရေးသားထားသည့် ကျောက်တုံးတစ်တုံးကို မြေကြီးအတွင်းမှ တူးဖော်ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ အင်းကွက်များပါရှိသည့် ကျောက်တုံးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကျောက်တုံးမှာ သဲကျောက်အမျိုးအစားဖြစ်ပြီး မျက်နှာပြင်ပေါ်တွင် လေးထောင့်ဇယားကွက်များ ဖော်ကာ ရက္ခိုင်ရှေးဟောင်းအက္ခရာ (သို့မဟုတ်) ဂဏန်းသင်္ချာအင်းကွက်များကို စနစ်တကျ ထွင်းထုထားသည်ကို တွေ့မြင်ရသည်။
ရှေးဟောင်းသမိုင်းကြောင်းနှင့် ယဉ်ကျေးမှု အစဉ်အလာများအရ ယခုကဲ့သို့ အင်းကွက်များ ထွင်းထုထားသော ကျောက်ပြား၊ ကျောက်တုံးများကို မြောက်ဦးခေတ်နှင့် ရှေးခေတ် ရက္ခိုင်ဘုရင်များ လက်ထက်တွင် မြို့ရွာအေးချမ်းသာယာစေရန်၊ ရန်သူ့ဘေးအန္တရာယ်မှ ကာကွယ်စေရန်နှင့် စေတီပုထိုးများ ရေရှည်တည်တံ့စေရန် ရည်ရွယ်၍ မြို့ထောင့်စေတီများနှင့် တံတားအနီးတစ်ဝိုက်တွင် ယတြာအဖြစ် မြှုပ်နှံဌာပနာလေ့ရှိကြောင်း သိရသည်။
ရှေးဟောင်းသုတေသန ပညာရှင်များနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ပညာရှင်များက စနစ်တကျ စစ်ဆေးလေ့လာမှုများ ပြုလုပ်ပြီးမှသာလျှင် အဆိုပါကျောက်တုံးပေါ်တွင် ထွင်းထုရေးသားထားသည့် စာလုံးများနှင့် အင်းကွက်များ၏ အဓိပ္ပာယ်ကို သိရှိနိုင်မည်ဖြစ်သည်။

