သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာစစ်တပ်က ၆ လအတွင်း အရပ်သား ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း UN ပြော


 
AB News – ဇွန် ၂၄၊ ၂၀၂၆
 
ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲကာလ ၆ လအတွင်း အရပ်သား ၇၀၀ ကျော် သေဆုံးခဲ့မှုအတွက် မြန်မာစစ်တပ်တွင် တာဝန်ရှိကြောင်း ကုလသမဂ္ဂ(UN)က ပြီးခဲ့သည့် ဇွန်လ ၂၂ နေ့တွင် ပြောကြားခဲ့သည်။
 
မြန်မာစစ်တပ်က ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာခဲ့သည့် ပြီးခဲ့သည့် ဩဂုတ်လမှစ၍ မဲပေးမှုကာလ ပြီးဆုံးသည့် ဇန်နဝါရီလကုန်အထိ အချိန်ကာလကို လွှမ်းခြုံထားသည့် ကုလသမဂ္ဂ၏ အစီရင်ခံစာအသစ်တစ်ခုတွင် မြန်မာနိုင်ငံအတွင်း အရပ်သား အနည်းဆုံး ၇၀၂ ဦး သေဆုံးခဲ့ကြောင်း ခိုင်လုံသော သတင်းရင်းမြစ်များက အတည်ပြုထားသည်ဟု ဖော်ပြထားသည်။
 
၎င်းတို့အနက် ၂၂၄ ဦးမှာ အမျိုးသမီးများ ဖြစ်ပြီး ၁၅၃ ဦးမှာ ကလေးသူငယ်များ ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ အစီရင်ခံစာတွင် ဖော်ပြထားပြီး လေကြောင်းမှ တိုက်ခိုက်မှုများသည် ပျက်စီးဆုံးရှုံးမှုနှင့် ဆင်းရဲဒုက္ခများကို ဖြစ်စေသည့် အဓိက အကြောင်းရင်းတစ်ခုအဖြစ် ဆက်ရှိနေကြောင်း ထည့်သွင်းပြောကြားထားသည်။
 
အမျိုးသမီး ၁၇၅ ဦးနှင့် ကလေးသူငယ် ၁၁၂ ဦး အပါအဝင် အရပ်သား အနည်းဆုံး ၅၀၅ ဦး (သို့မဟုတ်) စုစုပေါင်း သေဆုံးသူအရေအတွက်၏ ၅၇ ရာခိုင်နှုန်းမှာ တိုက်လေယာဉ်များ၊ ဒရုန်းများ၊ ပါရာမော်တာများနှင့် ဂျိုင်ရိုကော်ပတာများ အသုံးပြုကာ လုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
 
ထိုသေဆုံးမှုများအတွက် မည်သူ့တွင် တာဝန်ရှိသနည်းဟု မေးမြန်းရာတွင် ပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှမ်ဒါဆာနီက သေဆုံးသူ ၇၀၂ ဦးစလုံးမှာ မြန်မာစစ်တပ်ကြောင့်သာ ဖြစ်ကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
 
“ဒါဟာ တခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ မိမိတို့ ရရှိထားတဲ့ ခိုင်လုံတဲ့ အချက်အလက်တွေအပေါ်မှာပဲ အခြေခံထားတာ ဖြစ်ပါတယ်။ ဒါဟာ စုစုပေါင်း အရေအတွက် အပြည့်အစုံတော့ မဟုတ်ပါဘူး” ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။”
 
၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီး ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီ အကူးအပြောင်းကာလကို အဆုံးသတ်ကာ ရွေးကောက်ခံ အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်ခဲ့ကြောင်း ဆိုသည်။
 
မြန်မာနိုင်ငံကို အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်(စစ်ကော်မရှင်)က ၅ နှစ်ကြာ တိုက်ရိုက်အုပ်ချုပ်ခဲ့ပြီးနောက် ကန့်သတ်ချက်များစွာ ရှိသည့် ရွေးကောက်ပွဲကို ကျင်းပခဲ့ကာ ယင်းရွေးကောက်ပွဲတွင် စစ်တပ်၏ အရပ်ဘက်နိုင်ငံရေးမဟာမိတ်များက ပြိုင်ဘက်မရှိ အလွယ်တကူ အနိုင်ရရှိခဲ့ကြသည်။
 
ဒီမိုကရေစီ စောင့်ကြည့်လေ့လာရေးအဖွဲ့များကမူ ယခု အသွင်ကူးပြောင်းရေးကို စစ်‌ကော်မရှင်၏ ဆက်လက်အုပ်ချုပ်မှုကို ပုံရိပ်သစ်ဖော်ရန် လှည့်ကွက်တစ်ခုအဖြစ် အသုံးပြုခဲ့သော်လည်း လွှတ်တော်အမတ်အသစ်များက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
ရွေးကောက်ပွဲကျင်းပမှုကို အစကတည်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ၎င်း၏ အစီရင်ခံစာတွင် “အထွေထွေ လုံခြုံရေးကင်းမဲ့မှုနဲ့ မတည်ငြိမ်မှုတွေအကြား ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အလွဲသုံးစားမှုတွေဟာ စစ်တပ်က ထိန်းချုပ်ထားတဲ့ ရွေးကောက်ပွဲ မကျင်းမီ ကာလရဲ့ ထူးခြားချက်တွေ ဖြစ်ခဲ့တယ်” ဟု ဖော်ပြထားသည်။”
 
ရွေးကောက်ပွဲများအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံရပိုင်ခွင့်များနှင့် လွတ်လပ်ခွင့်များကို သိသိသာသာ ထိခိုက်ပျက်ပြားစေခဲ့သည့် ချိုးဖောက်မှုနှင့် အလွဲသုံးစားမှုဆိုင်ရာ လမ်းကြောင်းများနှင့် ပုံစံများကို သက်သေပြနေသော ဖြစ်စဉ်များကို အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။
 
အရပ်သား သေဆုံးမှုများသည် အထူးသဖြင့် သြဂုတ်၊ စက်တင်ဘာလနှင့် ဒီဇင်ဘာလများတွင် သိသိသာသာ မြင့်တက်ခဲ့ပြီး ယင်းမှာ ရွေးကောက်ပွဲ ကျင်းပမည့် ကြေညာချက် ထွက်ပေါ်လာခြင်း၊ စစ်တပ်က ၎င်း၏ နယ်မြေစိုးမိုးမှုကို အခိုင်အမာ ရယူရန် ကြိုးပမ်းသည့်အနေဖြင့် စစ်မြေပြင်တွင် စစ်ရှိန်မြှင့် တိုးစစ်ဆင်လာခြင်းတို့နှင့် အချိန်ကိုက် ဖြစ်ပွားခဲ့ကြောင်း လူ့အခွင့်အရေးရုံးက သုံးသပ်ဖော်ထုတ်ခဲ့သည်။
 
နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းတင်ပြရန်နှင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ရာတွင် အထောက်အကူ ဖြစ်စေနိုင်သည့် အန္တရာယ်ရှိသော နေရာများသို့ လက်နက်များ၊ လေယာဉ်ဆီနှင့် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံး ပစ္စည်းများကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးပို့နေခြင်းအား ရပ်တန့်ရန်နှင့် တားဆီးရန် နိုင်ငံအသီးသီးကို တိုက်တွန်းတောင်းဆိုထားသည်ကို တွေ့ရှိရသည်။
 
(ဓာတ်ပုံ – Arakan Bay News)
 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ