
AB News – ဇွန် ၁၃၊ ၂၀၂၆
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံမှ ကမ္ဘာ့ဖလားပြိုင်ပွဲ ရုပ်သံထုတ်လွှင့်ခွင့်ရရှိထားသည့် စစ်ကောင်စီပိုင် Mytel ၏ TV360 ဖေ့စ်ဘွတ်ခ်စာမျက်နှာ (Facebook Page) ကို မိခင်ကုမ္ပဏီ Meta က ဖယ်ရှားပိတ်သိမ်းလိုက်ကြောင်း သိရသည်။
ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ထားသည့် Mytel သည် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ မြန်မာနိုင်ငံအတွက် တစ်ခုတည်းသော မူပိုင် ထုတ်လွှင့်ခွင့်ကို ဖီဖာထံမှ ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းလုပ်ရပ်သည် ဖီဖာအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေအပေါ် ဆိုးဆိုးရွားရွား လျစ်လျူရှုရာရောက်သည်ဟု ဝေဖန်ခံနေရချိန်တွင် Meta က ၎င်း၏စာမျက်နှာကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်တပ်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို Meta ပလက်ဖောင်းများပေါ်တွင် အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသည့် မူဝါဒအရ Justice For Myanmar(JFM) က အဆိုပါ TV360 စာမျက်နှာကို ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့က Facebook ထံ တိုင်ကြားခဲ့ပြီးနောက် အရေးယူခံရခြင်းဖြစ်ကြောင်း သိရသည်။
လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်သည့် Justice For Myanmar (JFM) ကမူ စစ်ကောင်စီသည် ကမ္ဘာ့ဖလားပြိုင်ပွဲကို အသုံးချကာ ၎င်းတို့အတွက် ဝင်ငွေရှာရန်နှင့် ပုံရိပ်မြှင့်တင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ထောက်ပြသည်။
ထို့ပြင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို လျစ်လျူရှု၍ Mytel အား ရုပ်သံထုတ်လွှင့်ခွင့်ပေးခဲ့သည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ လုပ်ရပ်အပေါ်တွင်လည်း JFM က ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်ကို တွေ့ရှိရသည်။