သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာ့ငြိမ်းချမ်းရေးအတွက် စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင် ကို  ထောက်ခံကြောင်း အင်ဒိုနီးရှား ပြော



AB News – ဇွန် ၉၊ ၂၀၂၆

အင်ဒိုနီးရှားက မြန်မာ့ငြိမ်းချမ်းရေးအတွက် စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ကို ထောက်ခံကြောင်း​ ပြောကြားခဲ့ပြီး ​မြန်မာ့အရေးဖြေရှင်းရန် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus) ကိုလည်း လမ်းညွှန်မူဘောင်အဖြစ် ဆက်လက်ကိုင်စွဲထားရန် ပြောကြားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၈ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက နေပြည်တော်ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် မင်းအောင်လှိုင်အား ထောက်ခံကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် “မြန်မာပြည်သူများဦးဆောင်ပြီး ပြည်သူများပိုင်ဆိုင်သည့် လုပ်ငန်းစဉ်” ဖြစ်ရမည်ဟု ထုတ်ပြန်ထားသော်လည်း လက်တွေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှားနှင့် ယခု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးများအထိ နေပြည်တော်သို့ တစ်လှည့်စီလာရောက်ကာ ပြည်သူလူထုတစ်ရပ်လုံးက ဆန့်ကျင်ထားသည့် စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံနေခြင်း ဖြစ်သည်။

အာဆီယံဘုံသဘောတူညီချက်၏ ပထမဆုံးအချက်ဖြစ်သည့် “အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်” ဟူသော အချက်ကို မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကော်မရှင်က ယနေ့ထက်တိုင် လုံးဝလိုက်နာခြင်းမရှိဘဲ အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများကို တိုးမြှင့်ကျူးလွန်နေခြင်း ဖြစ်သည်။

စစ်မြေပြင်တွင် အရေးနိမ့်နေသည့် စစ်ကော်မရှင်သည် အရပ်သားပြည်သူများရှိရာ ကျေးရွာများ၊ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများကို ဂျက်ဖိုက်တာများဖြင့် ပစ်မှတ်ထားကာ ဆက်တိုက်ဗုံးကြဲလျက်ရှိသည်။

နိုင်ငံအနှံ့ရှိ ကျေးရွာများကို စစ်ကြောင်းထိုးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် အရပ်သားပြည်သူများအား ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်နေသည်။

စစ်ကော်မရှင်က ​ပဋိပက္ခဒေသများသို့ ဆေးဝါး၊ ရိက္ခာနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ မရောက်ရှိနိုင်စေရန် လမ်းကြောင်းများကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ဖြတ်တောက်ကာ ဒုက္ခပေးနေသည်ကို တွေ့ရှိရသည်။

​အာဆီယံဝန်ကြီးများအနေဖြင့် ၅ နှစ်နီးပါးကြာသည်အထိ အလုပ်မဖြစ်သေးသည့် မူဘောင်ဟောင်းကို ဖက်တွယ်ကာ စစ်ကော်မရှင်နှင့် သံတမန်ရေးအရ ဆက်လက်ထိတွေ့နေသော်လည်း မြန်မာပြည်သူများမှာမူ စစ်ကော်မရှင်၏ လက်နက်ကြီးနှင့် လေကြောင်းရန်ကြောင့် နေ့စဉ်နှင့်အမျှ သွေးထွက်သံယိုဖြစ်ပွားကာ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနေရဆဲဖြစ်သည်။

ဓာတ်ပုံ – ANTARA News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ