သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာဖရိကတိုက်ရှိ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ



ABN New – မေ ၁၈၊ ၂၀၂၆

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) သည် အာဖရိကတိုက်ရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့တွင် ဖြစ်ပွားနေသော အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို နိုင်ငံတကာအဆင့် စိုးရိမ်ရသော ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International Concern – PHEIC) အဖြစ် မေ ၁၇ ရက်နေ့တွင် တရားဝင် ကြေညာလိုက်သည်။

အဆိုပါ ကြေညာချက်မှာ ကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်း အီတူရီ (Ituri) ပြည်နယ်တွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုများ ဆက်တိုက တွေ့ရှိရပြီး သေဆုံးသူများ တိုးလာနေသည့်အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်လာပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

WHO ၏ မေလ ၁၇ ရက်နေ့အထိ ရရှိထားသော အချက်အလက်များအရ ကွန်ဂိုနိုင်ငံ မြို့တော် ကင်ရှာဆာနှင့် ယူဂန်ဒါနိုင်ငံ မြို့တော် ကမ်ပါလာတို့တွင်လည်း အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံထားရသူများ တွေ့ရှိထားကြောင်း သိရသည်။

လက်ရှိဖြစ်ပွားနေသည့် ကူးစက်မှုမှာ Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ် ဖြစ်ပြီး ယင်းအမျိုးအစားအတွက် အတည်ပြုထားသည့် ကာကွယ်ဆေးနှင့် ကုသဆေးများ မရှိသေးကြောင်း WHO က ပြောဆိုထားသည်။

ကွန်ဂိုနိုင်ငံ၊ အီတူရီပြည်နယ်တွင် သံသယရှိ လူနာ ၂၄၆ ဦးရှိပြီး သေဆုံးသူ ၈၀ ဦးအထိ ရှိလာကြောင်း သိရသော်လည်း ဓာတ်ခွဲခန်းအတည်ပြုချက်အရ ရောဂါကူးစက်ခံထားရသူမှာ ၈ ဦးသာ ရှိသေးကြောင်း သိရသည်။

WHO က လက်ရှိ ဖော်ထုတ်ထားသည့် အရေအတွက်ထက် ကူးစက်မှုအခြေအနေမှာ ပိုမိုကျယ်ပြန့်နေနိုင်ကြောင်း သတိပေးထားသည်။

ယခုကြေညာချက်သည် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်လာပြီဖြစ်ကြောင်း ဖော်ပြနေပြီး WHO အဖွဲ့ဝင်နိုင်ငံများအား ကူးစက်မှု ထိန်းချုပ်ရေးအတွက် လိုအပ်သည့် ဆေးဝါး၊ ကာကွယ်ဆေးနှင့် အခြားကျန်းမာရေးအရင်းအမြစ်များ မျှဝေကူညီပေးရန် တိုက်တွန်းထားသည်။

သို့သော် WHO က လက်ရှိ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုသည် COVID-19 ကပ်ရောဂါကာလအတွင်း အသုံးပြုခဲ့သည့် Pandemic Emergency သတ်မှတ်ချက်အဆင့်သို့ မရောက်ရှိသေးကြောင်းလည်း အသိပေးထားသည်။

ဓာတ်ပုံ – Victoire Mukenge/Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်