သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ခရီးနှင်နေသည့် ခရုဇ်သင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ် ကူးစက်၍ အပန်းဖြေခရီးသည် ၃ ဦး သေဆုံး

AB News – မေ ၄၊ ၂၀၂၆

အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ခရီးနှင်နေသည့် အပန်းဖြေခရုဇ်သင်္ဘော MV Hondius ပေါ်တွင် ရှားပါးဗိုင်းရပ်စ်တစ်မျိုးဖြစ်သော ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်ပြန့်ပွားမှုဖြစ်ပွား၍ အပန်းဖြေခရီးသည် ၃ ဦး သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတည်ပြုပြောကြားလိုက်သည်။

အဆိုပါဗိုင်းရပ်စ်သည် ကြွက်များ၏ ဆီးနှင့် မစင်တို့မှတဆင့် လူသို့ ကူးစက်တတ်သော ရောဂါပိုးဖြစ်ပြီး ယခုအခါ ခရီးသည်တစ်ဦးတွင် ပိုးတွေ့ရှိကြောင်း အတည်ပြုနိုင်ခဲ့သကဲ့သို့ အခြား ၅ ဦးထက်မနည်းမှာလည်း ကူးစက်ခံထားရသည်ဟု သံသယရှိနေခြင်းဖြစ်သည်။

အဆိုပါသင်္ဘောသည် အာဂျင်တီးနားနိုင်ငံ၊ အူရွှာအာမြို့မှ ကိပ်ဗာဒီသို့ ဦးတည်ခရီးနှင်နေခြင်းဖြစ်သည်။ ရောဂါဖြစ်ပွားသူ ၆ ဦးအနက် ၃ ဦးမှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး ကျန်ရှိနေသည့် လူနာတစ်ဦးမှာ တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘတ်မြို့ရှိ ဆေးရုံတစ်ခု၏ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် စိုးရိမ်ရသည့်အခြေအနေဖြင့် ကုသမှုခံယူနေရသည်။

သေဆုံးသူများထဲတွင် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးနှင့် ၎င်း၏ ၆၉ နှစ်အရွယ် ဇနီးဖြစ်သူတို့ ပါဝင်ပြီး ၎င်းတို့သည် ဇနီးမောင်နှံများဖြစ်ကြသည်။ အမျိုးသားဖြစ်သူမှာ သင်္ဘောပေါ်တွင်ပင် ပထမဆုံး သေဆုံးခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးဖြစ်သူမှာ တောင်အာဖရိကသို့ ပို့ဆောင်ကုသစဉ် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇကို စစ်ဆေးနေသကဲ့သို့ သင်္ဘောပေါ်ရှိ ခရီးသည်များနှင့် သင်္ဘောသားများကို ဆေးဝါးကုသမှုဆိုင်ရာ ပံ့ပိုးမှုများ ပေးအပ်ထားကြောင်း သိရသည်။

တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖော်စတာ မိုဟေးလ်က “ဓာတ်ခွဲခန်းစမ်းသပ်မှုတွေနဲ့ ကူးစက်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို အသေးစိတ် ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ပြောကြားခဲ့သည်။ ရောဂါလက္ခဏာပြနေသည့် အခြားခရီးသည် နှစ်ဦးကိုလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရန် နိုင်ငံတကာညှိနှိုင်းမှုများ လုပ်ဆောင်နေသည်။

ဟန်တာဗိုင်းရပ်စ်သည် ပုံမှန်အားဖြင့် ကြွက်များမှတဆင့် လူသို့ ကူးစက်တတ်သည့် ရှားပါးရောဂါပိုးဖြစ်သည်။ လူတစ်ဦးနှင့်တစ်ဦး ကူးစက်နိုင်ခြေ အလွန်နည်းပါးသော်လည်း ပိုးကူးစက်ခံရပါက ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာ (HPS) သို့မဟုတ် သွေးလွန်ဖျားနာခြင်းနှင့်အတူ ကျောက်ကပ်ထိခိုက်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သည့် ရောဂါမျိုးဖြစ်သည်။

လက်ရှိ ကုသမှုခံယူနေသည့် လူနာများအနက် တစ်ဦးမှာ အသက် ၆၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း သိရသော်လည်း သေဆုံးသူများ၏ နိုင်ငံသားဖြစ်မှုကိုမူ အာဏာပိုင်များက အတည်မပြုသေးပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်