သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
‎ရှေးခေတ်ကြွေထည်နှင့် ကျောက်ဆစ်အနုပညာ လက်ရာများ ပါရှိသည့် လင်ပန်းပြောက်စေတီ ယခင်ကထက် ပျက်စီးမှုများပြားလာ‎


‎AB News – ဧပြီ ၁၁၊ ၂၀၂၆

‎အေဒီ (၁၅၁၅)၊ ပထမမြောက်ဦးခေတ်က ဘုရင်မင်းစောအိုနှင့် မိဖုရားစောသူဇာ တည်ထားခဲ့သည့် ရှေးခေတ်ကြွေရည်သုတ် အနုပညာလက်ရာများပါရှိသော လင်ပန်းပြောက်(လောင်ပွန်းပြောက်)စေတီမှာ ယခုအချိန်တွင် ရှေးယခင်ကထက် တစ်နေ့တခြား ပိုမိုပျက်စီးလာကြောင်း တွေ့ရှိရသည်။

‎ယင်းအပြင် လင်ပန်းပြောက်ဘုရား အနီးဝန်းကျင်မှ တောတောင်များမှာလည်း တောမီးလောင်မှုများ ဆက်တိုက် ဖြစ်ပွားနေရာ ရှေးခေတ်လက်ရာများ အချိန်မရွေးပျက်စီးဆုံးရှုံးသွားနိုင်ကြောင်း မြို့ခံများက ဆိုကြသည်။

‎စေတီတော်ကြီးတစ်ခုလုံးကို ကျောက်ဆစ်လက်ရာ အဆင်တန်ဆာများဖြင့် ပြုလုပ်ထားပြီး အနုပညာလက်ရာမြောက်စွာ ခမ်းနားထည်ဝါသော စေတီတော်ကြီးဖြစ်သည်။

‎ ယခင်က ရင်ပြင်တော်တစ်ခုလုံးကို စဥ့်ချပ်များဖြင့် ပန်းပွင့်ပုံဖော်၍ ခင်းကျင်းထားကြောင်း သိရှိရပြီး ယခုအခါ ပျက်စီးသွားပြီဖြစ်၍ မတွေ့ရတော့ပေ။

‎တံတိုင်းနံရံများရှိ ကျန်ရှိနေသေးသော စဥ့်သုတ်ပန်းပွင့်များကိုသာ အနည်းငယ် တွေ့ရှိရတော့သည်။

‎စေတီတော်ကို အုတ်တံတိုင်းနှစ်ထပ် ကာရံထား​​​ ပြီး အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် စေတီသို့ ဝင်လမ်းနှင့် လှေကားများရှိသည်။ အတွင်းတံတိုင်းတွင် ပတ်ပတ်လည်၌ ကြွေရည်သုတ် ရောင်စုံအုတ်ခွက် ပန်းပွင့်ကြီးများရှိသည်။

‎ပန်းပွင့်ကြီးတစ်ပွင့်စီတွင် စက်ဝိုင်းပုံဝတ်ဆံ၊ ပွင့်လွှာကြီး ၄ လွှာနှင့် ကြားညှပ်ပွင့်လွှာ ၄လွှာ စုစုပေါင်း ၈ လွှာ ပါရှိသည်။

‎တံတိုင်းပတ်လည်တွင် ပန်းပွင့်ကြီး ၁၀၆ ပွင့်နှင့် ပန်းပွင့်ငယ် ၂၄၀ ပွင့်ရှိပြီး ပန်းပွင့်များမှာ ပျက်စီးခဲ၍ အနည်းငယ်သာ ကျန်ရှိတော့သည်။

‎စေတီမှာ ရှစ်မြှောင့်ပုံ ဖြစ်ပြီး ပစ္စယံတဆင့်စီတွင် ရာဇပလ္လင် ပေါင်းကူးမုခ်များရှိပြီး ဂူသွင်းဘုရားတစ်ဆူစီရှိသည်။ အရှေ့ဘက်ရှိ မုခ်မှာ အလွန် လှပချောမောသော ကျောက်ဆစ်လက်ရာဖြစ်ပြီး စေတီ၏ အောက်ခြေတွင် ၁၅၆ ပေရှိ၍ အမြင့် ၁၂၀-ပေ ခန့်ရှိသည်။

‎စေတီ၏ သပိတ်မှောက်ကို မသမာသူများက ထွင်းဖောက်ထား၍ စေတီမှာ အရှေ့ဖက်သို့ တိမ်းစောင်းနေကြောင်း သိရပြီး ထိန်းသိမ်းသူမရှိသဖြင့် တစတစ ယိုယွင်းပျက်စီးလာနေကြောင်း တွေ့ရှိရသည်။

‎ရက္ခိုင်ပြည်တွင် ပထမမြောက်ဦးခေတ် အစောပိုင်းကာလကပင် ကြွေထည်လက်ရာ ထွန်းကားခဲ့ကြောင်းကို သိရှိနိုင်သည့် တစ်ခုတည်းသော ဘုရားစေတီဖြစ်ပြီး လက်ရှိတွင် ပျက်စီးယိုယွင်းမှု များပြားလာနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေသည်။

‎ပုံစာ – ပထမမြောက်ဦးခေတ်က ဘုရင်မင်းစောအိုနှင့် မိဖုရားစောသူဇာ တည်ထားခဲ့သည့် ရှေးခေတ်ကြွေရည်သုတ် အနုပညာလက်ရာများပါရှိသော လင်ပန်းပြောက်စေတီ ပျက်စီးနေသည်ကို မြင်တွေ့ရခြင်း။(ဓာတ်ပုံ – မာလာဝင်း)

‎#ArakanBayNews #လင်ပန်းပြောက်စေတီ #ပျက်စီးယိုယွင်းနေ #Mrauk-U #Rakhine

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ