
AB News – ဧပြီ ၈၊ ၂၀၂၆
ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့က သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရသည့် ဦးမင်းအောင်လှိုင် ဦးဆောင်မည့် ပြည်ထောင်စုအစိုးရအဖွဲ့သစ်တွင် ရက္ခိုင်ဝါရင့်အဆိုတော် ဦးသန်းမောင်ကို တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ထည့်သွင်းလျာထားကြောင်း သိရသည်။
သမ္မတသစ် ဦးမင်းအောင်လှိုင်က ၎င်း၏ အစိုးရအဖွဲ့သစ်အတွက် ပြည်ထောင်စုဝန်ကြီး ၃၀ ဦးပါဝင်သည့် အမည်စာရင်းကို ယမန်နေ့က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါစာရင်းတွင် ဦးသန်းမောင် ပါဝင်လာခြင်းဖြစ်သည်။
၎င်းအား ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ကိစ္စကို ဧပြီလ ၉ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တိုင်းရင်းသား ရေးရာဝန်ကြီးအဖြစ် လျာထားခြင်းခံရသူ ဦးသန်းမောင်သည် ရက္ခိုင်ပြည်နယ်တွင် တေးရေး၊ တေးဆို ဂီတပညာရှင်တစ်ဦးအဖြစ် လူသိများရုံသာမက ဥပဒေပညာရှင်တစ်ဦးလည်း ဖြစ်သည်။
သူသည် ဥပဒေရေးရာ စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေခဲ့သူ ဖြစ်သည်။
ထို့အပြင် ဦးသန်းမောင်သည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားသည့် အမှု၌ မြန်မာနိုင်ငံဘက်မှ ခုခံချေပပေးနေသည့် ဥပဒေပညာရှင်တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
ဦးသန်းမောင်သည် ယခင်က မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်တွင် ဒုတိယဥက္ကဋ္ဌ၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီဝင်နှင့် မြန်မာနိုင်ငံ မူပိုင်ခွင့်ဗဟိုကော်မတီ အဖွဲ့ဝင် တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
ဦးသန်းမောင်သည် ယခင်တိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း ဦးဇော်အေးမောင်နှင့် ညီအစ်ကို တော်စပ်သူလည်း ဖြစ်ကြောင်း သိရှိရသည်။