သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာ့တော်လှန်ရေးတပ်ဖွဲ့များကို စစ်သင်တန်းပေးသည်ဟု သံသယဖြင့် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယဖမ်းဆီး

AB News – မတ် ၂၀၊ ၂၀၂၆

မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကို စစ်သင်တန်းပေးခဲ့သည်ဟူသော သံသယဖြင့် အမေရိကန်နိုင်ငံသားတစ်ဦးနှင့် ယူကရိန်းနိုင်ငံသား ၆ ဦး၊ စုစုပေါင်း ၇ ဦးကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က ဒေလီ (Delhi)၊ လက်ခနောင်း (Lucknow) နှင့် ကော်လ်ကတ္တား (Kolkata) လေဆိပ်များတွင် အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၎င်းတို့သည် ၂၀၂၄ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအတွင်းသို့ အကြိမ်ကြိမ်ဝင်ရောက်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဒရုန်းနည်းပညာနှင့် စစ်သင်တန်းများ ပေးအပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

အဆိုပါ နိုင်ငံခြားသားများကို ဖမ်းဆီးနိုင်ရန် ရုရှားအာဏာပိုင်များက အိန္ဒိယထောက်လှမ်းရေးအဖွဲ့ထံ သတင်းအချက်အလက် ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

NIA အဖွဲ့သည် သံသယရှိသူများကို ခြေရာခံရန် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသတွင် သုံးလနီးပါး စောင့်ကြည့်လှုပ်ရှားခဲ့ရကြောင်း ဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် အမေရိကန်နိုင်ငံသား မက်သရူးအာရွန်ဗန်ဒိုက်ခ် ပါဝင်ပြီး ၎င်းတို့အား မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ရန် ကူညီပေးခဲ့သူများကို ဖော်ထုတ်နိုင်ရေးအတွက် အိန္ဒိယအေဂျင်စီများက ဆက်လက် စုံစမ်းလျက်ရှိသည်။

လက်ရှိတွင် ၎င်းတို့ ၇ ဦးကို မတ်လ ၂၇ ရက်နေ့အထိ ထိန်းသိမ်းစစ်ဆေးရန် ဒေလီမြို့တရားရုံးက အမိန့်ချမှတ်ထားသည်။

အမှုနှင့်ပတ်သက်၍ NIA ပြောရေးဆိုခွင့်ရှိသူက “ဒီအမှုဟာ စုံစမ်းစစ်ဆေးမှုရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိသေးတာကြောင့် အခုအချိန်မှာအသေးစိတ်ကို ထုတ်ပြန်လို့မရသေးပါဘူး၊ သင့်တော်တဲ့အချိန်ကျရင် ထုတ်ပြန်ပေးသွားမှာပါ” ဟု ဆိုသည်။

တစ်ဖက်တွင်လည်း အဆိုပါယူကရိန်းနိုင်ငံသားများ၏ ရှေ့နေဖြစ်သူသည် လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲများကြောင့်ဟုဆိုကာ မတ်လ ၁၈ ရက်နေ့တွင် အမှုမှ နုတ်ထွက်သွားခဲ့သည်။

အမေရိကန်သံအမတ်ကြီး Sergio Gor သည် အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး Ajit Doval နှင့် တွေ့ဆုံကာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သော်လည်း ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားအရေးကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ယူကရိန်းသံအမတ်ကြီး Oleksandr Polishchuk ကမူ ၎င်း၏နိုင်ငံသားများကို စုံစမ်းစစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းနှင့် တရားမျှတသည့် လုပ်ငန်းစဉ်ဖြစ်ရန် မျှော်လင့်ကြောင်း ပြောကြားထားသည်။

​#AB_News #India #MyanmarRevolution #NIA #InternationalNews #SecurityNews #MatthewVanDyke #Ukraine #USA #MilitaryTraining #DroneTechnology #Geopolitics #Myanmar #Mizoram

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ