သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်-ပုဏ္ဏားကျွန်းရှိ စစ်ရှောင်စခန်းများတွင် ရေရှားပါးမှုပြဿနာ ရင်ဆိုင်ကြုံတွေ့နေ



‎AB News – မတ် ၁၂၊ ၂၀၂၆

‎ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေရှားပါးမှုပြဿနာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း စစ်ရှောင်များမှ AB News သို့ ပြောသည်။

‎နွေရာသီရောက်ရှိလာသဖြင့် လူဦးရေထူထပ်သည့် စစ်ရှောင်စခန်းများတွင် သောက်ရေ၊ သုံးရေ ရှားပါးလာခြင်းဖြစ်ကြောင်း စစ်တွေမြို့နယ်၊ ကျောက်တန်းချေကျေးရွာမှ စစ်ရှောင်လာသည့် ဒေါ်ခင်ခင်နု က ဆိုသည်။

‎”လက်ရှိကတော့ ရေကန်တွေမှာလည်း ရေတိမ်လာတယ်။ ကန်ထဲက ရေတွေဟာ ၁ ပေသာသာလောက်ပဲ ရှိတော့တယ်။ ရေလည်း နောက်တယ်။ ခပ်ထားတဲ့ရေတွေကို အနေထိုင်ပြီးမှ သုံးရတယ်။ ရေရှိတဲ့ ကန်တွေကလည်း ကျမတို့နေတဲ့ နေရာနဲ့ အလှမ်းဝေးတော့ ခက်ခက်ခဲခဲ ခပ်ယူသုံးစွဲနေရတယ်။ နောက်လာမဲ့ လတွေဆိုရင် ရေက တော်တော်အခက်အခဲ ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။

‎စစ်ရှောင်စခန်းရှိ ရေကန်များတွင် ကျွဲ၊ နွား များ စည်းကမ်းမဲ့ ဆင်းသောက်မှုကြောင့် တစ်ရက်ထက်တစ်ရက် ရေနည်းလာသကဲ့သို့ ရေမသန့်ရှင်းမှုများ ဖြစ်ပေါ်နေကြောင်း စခန်းတာဝန်ခံ ကို ထွန်းနိုင်စိုး က ဆိုသည်။

‎စခန်းအနီးရှိ ကျေးရွာများမှ ကျွဲ၊ နွား များမှာ ကန်ထဲသို့ ရေဆင်းသောက်ချိန်တွင် ကျင်ကြီး၊ ကျင်ငယ်များ စွန့်ပစ်မှုများ ရှိနေကြောင်း ၎င်းက ထပ်လောင်းပြောသည်။

‎”ရွာထဲက ကျွဲ၊ နွားတွေ စည်းကမ်းမဲ့ ကန်ထဲသို့ ဆင်းသောက်တာတွေ ရှိပါတယ်။ ကန်ထဲ ဆင်းသောက်တဲ့ အချိန်မှာလည်း အပေါ့၊ အလေး ကို ကန်ထဲမှာပဲ စွန့်ကြတာတွေ ရှိပါတယ်။ ကျနော်တို့လည်း နေ့စဥ်မြင်နေရတယ်။ ဒါဘယ်မဲ့ ကျနော်တို့က စစ်ဘေးရှောင်တွေဆိုတော့ မပြောရဲဘူး။ တစ်ခုခု ဖြစ်မှာ ကြောက်လို့ ငြိမ်ခံနေရပါတယ်” ဟု ဆိုသည်။

‎ကျွဲ၊ နွားများ၏ အညစ်အကြေးစွန့်ပစ်မှုများကြောင့် ကန်အတွင်းရှိ ရေများမှာ မသန့်ရှင်းဘဲ ဝမ်းပျက်၊ ဝမ်းလျောဖြစ်ခြင်းနှင့် အရေပြားရောဂါ ဖြစ်ပွားမှုတို့လည်း ရင်ဆိုင်ကြုံတွေ့နေကြောင်း ဆိုသည်။

‎”ဒီကန်က ရေနဲ့ပဲ ကျမတို့ ချက်ပြုတ်စားသောက်နေရတာ။ ကန်ထဲမှာ ဒီလိုမျိုး အညစ်အကြေးတွေ စွန့်ပစ်တော့ စခန်းထဲမှာ ဝမ်းပျက်ဝမ်းလျောဖြစ်တာတွေ ရှိတယ်။ လူကြီး၊ ကလေး မကျန် အရေပြား ရောဂါတွေ ဖြစ်တာရှိတယ်” ဟု ဒေါ်ခင်ခင်နုက ထပ်လောင်းပြောသည်။

‎စစ်ရှောင်စခန်းများရှိ သောက်သုံးရေကန်များတွင် ခြံစည်းရိုးများ စနစ်တကျ ပြုလုပ်ခြင်း မရှိသဖြင့် ကျွဲ၊ နွားများ ဆင်းသောက်ရခြင်း ဖြစ်ကြောင်း ကျေးရွာအုပ်အုပ်မှူး ဦးတူးတူး​မောင် က ဆိုသည်။

‎”ဒီပြဿနာကတော့ ရေကန်တွေမှာ ခြံစည်းရိုး မရှိတာကြောင့် ဖြစ်တာပါ။ ခြံစည်းရိုးတွေ စနစ်တကျမရှိတော့ ကျွဲ၊ နွား တွေက ကန်ထဲကိုဆင်းသောက်ကြတယ်။ ခြံစည်းရိုးအတွက် စစ်ရှောင်တွေဆီက ပိုက်ဆံကောက်တော့ သူတို့လည်း မတတ်နိုင်ကြဘူး။ ကျနော်တို့ ရွာအနေနဲ့လည်း ကူညီဖို့ ငွေကြေးအခက်အခဲတွေ ရှိပါတယ်။ သက်ဆိုင်ရာအစိုးရတွေကို ကူညီဖြေရှင်းပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

‎ထိုသို့ စစ်ရှောင်စခန်းများရှိ ရေကန်များတွင် အနီးအနားကျေးရွာများမှ ကျွဲ၊ နွားများ စည်းကမ်းမဲ့ ရေဆင်းသောက်ခြင်းကို ထိန်းကွပ်တားမြစ်ပေးရန် စစ်ဘေးရှောင်များကလည်း အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရကို တောင်းဆိုထားသည်။

‎AB News မှ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာများ၏ တည်နေရာများကို လုံခြုံရေးအရ ချန်လှပ်ရေးသားထားသည်။

‎တစ်ဖက်တွင်လည်း ဒေသခံ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများ၊ NGOs များ နှင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတို့ ပူးပေါင်းကာ စစ်ရှောင်စခန်းများတွင် ရေကန်များ တူးဖော်ထားသော်လည်း ရေမလောက်ငှမှု ရှိနေကြောင်း သိရသည်။

‎ရက္ခိုင်မှာ မိုးရာသီတွင် ရေကြီး၊ ရေလျှံ မှုများ ဖြစ်ပေါ်တတ်ပြီး နွေရာသီတွင် ရေရှားပါးမှု ပြဿနာများ နှစ်စဥ် ရင်ဆိုင်ကြုံတွေ့နေရသည်။

‎ပုံစာ – ကျောက်တော်-ပုဏ္ဏားကျွန်းအစပ် စစ်ရှောင်စခန်းတစ်နေရာ။

‎#ရက္ခိုင် #ကျောက်တော်-ပုဏ္ဏားကျွန်း #စစ်ဘေးရှောင်စခန်းများ #ရေရှားပါးမှု #မွေးမြူရေးတိရစ္ဆာန် #စည်းကမ်းမဲ့ဆင်းသောက်မှု #အရေပြားရောဂါ

ထင်မြင်ယူဆချက်‌‌ပေးရန်