သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပူးတွဲစစ်ဆင်ရေးတစ်ခုအတွင်း တရားမဝင်နေထိုင်သည့် မူဆလင်ဒုက္ခသည် ၃၅၀ ခန့် ဖမ်းဆီးခံရ

AB News – ဖေဖော်ဝါရီ ၉၊ ၂၀၂၅
နွယ်စိုး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Chattogram ပြည်နယ်၊ Chandanaish မြို့နယ်ရှိ Dohazari ဒေသအတွင်း ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ပြုလုပ်ခဲ့သည့် ပူးတွဲစစ်ဆင်ရေးတစ်ခုအတွင်း တရားမဝင်နေထိုင်သော မူဆလင် ၃၄၅ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း သတင်းဌာနများတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

အဆိုပါ စစ်ဆင်ရေးအတွင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်(BGB)နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးတွဲအဖွဲ့များမှ အိမ်တိုင်းဝင်ရောက်၍ စစ်ဆေးခဲ့ချိန်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စစ်ဆင်ရေးအား Dohazari ဒေသရှိ ရပ်ကွက်အမှတ် ၂ နှင့် ၇ တို့တွင် တည်ရှိသည့် Burma Colony ဧရိယာအတွင်း နံနက်ပိုင်း ၆ နာရီခန့်မှ စတင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရကြသည့် မူဆလင်များအနေဖြင့် တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်းများမရှိဘဲ နေထိုင်နေကြသူများဖြစ်ကြောင်း Chandanaish မြို့နယ်၏ ရဲစခန်းတာဝန်ခံ Md llias Khan က အတည်ပြုပြောကြားခဲ့သည်။

တရားမဝင် နေထိုင်ကြသည့် မူဆလင်ဒုက္ခသည်များမှာ အမျိုးသား ၁၇၆ ဦး၊ အမျိုးသမီး ၈၆ ဦး နှင့် ကလေး ၈၃ ဦး ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးခံရသော မူဆလင်များအား ဒုက္ခသည်ကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်ရန် စီစဉ်ထားပြီး နေရပ်ပြန်ရေးကော်မရှင်၏ ကြီးကြပ်မှုအောက်တွင် ပို့ဆောင်ထားကြောင်း သိရသည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် နိုင်ငံတကာအကူအညီများအား လိုလား၍ ရိုဟင်ဂျာအမည်ခံ မူဆလင်ဒုက္ခသည်များအဖြစ် ခံယူသူ များပြားလာနေသည်ကိုလည်း တွေ့ရှိရသည်။

ယင်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရွေးကောက်ပွဲရှိသည့်အတွက် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသည့် မူဆလင်ဒုက္ခသည်များအနက် စခန်းအတွင်း မဟုတ်ပဲ အပြင်တွင် နေပြီး အလုပ်လုပ်ကိုင်နေသူများအား ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ တစ်ရက်အတွင်း အမျိုးသား၊ အမျိုးသမီး ကလေးငယ်များအပါအဝင် မူဆလင်ဒုက္ခသည် ၈၀၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဒုက္ခသည် ကယ်ဆယ်ရေးစခန်းသို့ ပြန်လည်ပို့ဆောင်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ