
AB News – ဇန်နဝါရီ ၂၈၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ တက္ကနပ်ဖ်မြို့နယ်ရှိ တောင်ကုန်းဒေသ တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ကလေးငယ်များအပါအဝင် ဒေသခံတောင်သူ ၆ ဦးကို အကြမ်းဖက် လက်နက်ကိုင် အဖွဲ့တစ်ခုက ပြန်ပေးဆွဲ ခေါ်ဆောင်သွားကြောင်း ဒေသခံများက Arakan Bay News သို့ ပြောသည်။
ဇန်နဝါရီ ၂၇ ရက်၊ နေ့လယ်ပိုင်းတွင် တက္ကနပ်ဖ်မြို့နယ်၊ Hoaikyong သမဂ္ဂရှိ Minabazar Konapara ကျေးရွာနှင့် ကပ်လျက်ရှိသော တောင်ကုန်းအနီး စိုက်ပျိုးခင်းများတွင် ဒေသခံများ အလုပ်လုပ်ကိုင်နေစဉ် လက်နက်ကိုင်ဆောင်ထားသည့် အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ ရုတ်တရက် ရောက်ရှိလာပြီး ၎င်းတို့ကို တောတွင်းသို့ အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ပြန်ပေးဆွဲခံရသူများမှာ
၁။ Mohammad Jamir (၃၂ နှစ်)
၂။ Shafi Alam (၁၃ နှစ်)
၃။ Mohammad Alam (၁၈ နှစ်)
၄။ Zahid Hossain (၃၀ နှစ်)
၅။ Mozaher (၆၀ နှစ်)
၆။ Mostaq (၁၂ နှစ်) တို့ ဖြစ်ကြသည်။
ပြန်ပေးဆွဲ ခံရသူများတွင် အသက် ၁၂ နှစ် နှင့် ၁၃ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် အသက် ၆၀ အရွယ် သက်ကြီးပိုင်း အမျိုးသား ၁ ဦးလည်း ပါဝင်ကြောင်း သိရသည်။
ဒေသခံ မူဆလင်တစ်ဦးက “ကျနော်တို့မှာ ကိုယ့်ခြံထဲကိုယ်ဆင်းပြီး အလုပ်လုပ်ဖို့တောင် မလုံခြုံတော့ဘူး။ ဒီတောင်ကုန်းတွေပေါ်မှာ အကြမ်းဖက်အုပ်စုတွေက နေ့တိုင်းခြိမ်းခြောက်နေတယ်။ အခု အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကိုပါ ဖမ်းသွားပြီဆိုတော့ ဘယ်သူမှ အပြင်မထွက်ရဲကြတော့ဘူး။ အစိုးရအနေနဲ့ ဒီဓားပြဂိုဏ်းတွေကို အမြစ်ပြတ်အောင် မနှိမ်နင်းပေးရင် ကျနော်တို့ ထမင်းငတ်ကြတော့မယ်။ မိသားစုဝင်တွေဆိုရင်လည်း ကလေးတွေအတွက် ငိုယိုပြီး ရူးမတတ် ဖြစ်နေကြပြီ” ဟုဆိုသည်။
တက္ကနပ်ဖ်ရဲစခန်းမှ တာဝန်ခံ Saiful Islam က အဆိုပါ ပြန်ပေးဆွဲမှုကို အင်္ဂါနေ့ညတွင် အတည်ပြုခဲ့ပြီး၊ Hoaikyong ရဲကင်းစခန်းတာဝန်ခံ Khokon Chandra Rudra ကလည်း ပြန်ပေးဆွဲ ခံရသူများကို ကယ်တင်နိုင်ရန်အတွက် တောင်ကုန်းဒေသတစ်လျှောက် စစ်ဆင်ရေးများ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ပြန်ပေးဆွဲမှုသည် မူဆလင် အကြမ်းဖက်အုပ်စု သို့မဟုတ် တောင်ကုန်းပေါ်ရှိ ရာဇဝတ်ဂိုဏ်းများ၏ လက်ချက်ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြသည်။
တက္ကနပ်ဖ်ဒေသတွင် ယခုကဲ့သို့ တောင်သူများကို ဖမ်းဆီးပြီး ငွေညှစ်သည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိခြင်းကြောင့် ဒေသခံများမှာ လုပ်ငန်းခွင်သို့ သွားရောက်ရန် စိုးရိမ်ထိတ်လန့်လျက်ရှိသည်။
လက်ရှိအချိန်အထိ ပြန်ပေးဆွဲသူများဘက်မှ ငွေကြေးတောင်းခံခြင်း ရှိ၊ မရှိကိုမူ မသိရှိသေးဘဲ ရဲတပ်ဖွဲ့က နယ်မြေပိတ်ဆို့ ရှာဖွေမှုများကို ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။