
AB News – ဇန်နဝါရီ ၂၅၊ ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ် ချုပ်ဆိုခဲ့မည်ဆိုလျှင် ကနေဒါနိုင်ငံမှ အမေရိကန်ကို တင်သွင်းသည့် ကုန်ပစ္စည်းအားလုံးအပေါ် ၁၀၀ ရာခိုင်နှုန်းအထိ အကောက်ခွန် တိုးမြှင့်ကောက်ခံသွားမည်ဟု ပြင်းပြင်းထန်ထန် သတိပေး ခြိမ်းခြောက်ထားသည်။
သမ္မတထရမ့်သည် ပြီးခဲ့သည့် စနေနေ့က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး (Mark Carney) ကို “အုပ်ချုပ်ရေးမှူး ကာနေး” လို့ သုံးနှုန်းဝေဖန်ခဲ့ပြီး တရုတ်ကုန်ပစ္စည်းများ အမေရိကန်ဈေးကွက်ထဲ ဝင်ရောက်ဖို့ ကနေဒါကို ကြားခံဆိပ်ကမ်းတစ်ခုအဖြစ် အသုံးချရန် စီစဉ်နေခြင်းသာဆိုလျှင် အကြီးအကျယ် မှားယွင်းသွားလိမ့်မသည်ဟု တိုက်ခိုက်ပြောဆိုခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ကနေဒါကို လုံးဝဝါးမြိုသွားလိမ့်မသည်ဟု ထရမ့်က သတိပေးလိုက်ပြီး ကနေဒါက တရုတ်နှင့် သဘောတူညီချက် လက်မှတ်ထိုးလိုက်သည်နှင့် တစ်ပြိုင်နက် ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုသည် ချက်ချင်းသက်ရောက်မှာဖြစ်ကြောင်း ဆိုသည်။
ထရမ့်အနေဖြင့် မည်သည့်သဘောတူညီချက်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း တိတိကျကျ မပြောဆိုခဲ့သော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ လလယ်ပိုင်းတွင် ကနေဒါဝန်ကြီးချုပ်သည် တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး သမ္မတရှီကျင့်ဖင်နှင့် တွေ့ဆုံကာ တရုတ်ထုတ် လျှပ်စစ်ကား (EV) များအပေါ် အကောက်ခွန်လျှော့ချပေးရန် သဘောတူညီခဲ့ခြင်းကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။
အခြားတစ်ဖက်တွင် ဝန်ကြီးချုပ်ကာနေးက ဒါးဗို့စ်မှာ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ နိုင်ငံတကာစည်းမျဉ်းများမှာ အလုပ်မဖြစ်ကြောင်းနှင့် အင်အားကြီးနိုင်ငံများက ၎င်းတို့အဆင်ပြေသည့်အခါမှ စည်းမျဉ်းများကို ချိုးဖောက်လေ့ရှိကြောင်း ပြောဆိုခဲ့သည်။
အဆိုပါပြောဆိုချက်မှာ ထရမ့်၏ “အမေရိကန်သာ ပထမ” ဆိုသည့် မူဝါဒကို တိုက်ရိုက်ဝေဖန်လိုက်ခြင်းဖြစ်ပြီး လက်ရှိမှာ အိမ်နီးချင်းနှစ်နိုင်ငံကြား ကုန်သွယ်ရေးတင်းမာမှုများမှာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေခြင်း ဖြစ်သည်။