AB News – ဇန်နဝါရီ ၇၊ ၂၀၂၆
ရက္ခိုင်ပြည်ရှိ လူမှုကူညီရေးဖောင်ဒေးရှင်းတစ်ခုဖြစ်သည့် စောမဲကျီဖောင်ဒေးရှင်းမှ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအား အလှူငွေကျပ်သိန်းတစ်ထောင် ကို ဇန်နဝါရီလ ၇ ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။
အဆိုပါ အလှူငွေကို ရခိုင်ပြည်နယ်အတွင်း ဆင်းရဲနွမ်းပါးပြီး ဆေးကုသမှု ရယူရန် အခက်အခဲကြုံတွေ့နေရသည့် ပြည်သူများအား ကူညီနိုင်ရန်နှင့် အာရက္ခပြည်သူ့ကျန်းမာရေးဌာန၏ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း စောမဲကျီဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စောမဲကျီဖောင်ဒေးရှင်းသည် ပြည်တွင်း၊ ပြည်ပ အလှူရှင်များထံမှ ရရှိသည့် အလှူငွေများဖြင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများနှင့် အကူအညီလိုအပ်နေသော ဒေသများတွင် လူမှုကူညီရေး၊ ထောက်ပံ့ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည့် ဖောင်ဒေးရှင်းတစ်ခုဖြစ်ကြောင်း သိရသည်။
စောမဲကျီ ဖောင်ဒေးရှင်းမှ ယခု အာရက္ခပြည်သူ့ကျန်းမာရေးဌာနသို့ လှူဒါန်းလိုက်သည့် ကျပ်သိန်းတစ်ထောင်သည် ရက္ခိုင်ပြည်ရှိ ပြည်တွင်းနှင့် ပြည်ပရောက် ရက္ခိုင် အလှူရှင်များ၏ လှူဒါန်းငွေများဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့ကလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ငွေကြေးမတတ်နိုင်ပြီး ဆင်းရဲနွမ်းပါးသည့် ရခိုင်ပြည်သူများအတွက် ဆေးပဒေသာပင် စိုက်ထူနိုင်ကြောင်း အသိပေးထုတ်ပြန်ထားခဲ့သည်။

