
AB News – ဒီဇင်ဘာ ၃၀၊ ၂၀၂၅
မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မူဟီဒင် ယာစင် (Muhyiddin Yassin) သည် ၎င်း၏ အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ ခေါင်းဆောင်ရာထူးမှ နုတ်ထွက်တော့မည် ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
မူဟီဒင်သည် အတိုက်အခံညွန့်ပေါင်းအဖွဲ့ဖြစ်သော Perikatan Nasional (PN) ၏ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခြင်းဖြစ်ပြီး၊ အဆိုပါ နုတ်ထွက်မှုသည် လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည် ဖြစ်ကြောင်း သိရသည်။
နုတ်ထွက်မှုနှင့် ပတ်သက်၍ မူဟီဒင်က “PN ကို ဦးဆောင်ခဲ့သည့် ကာလအတွင်း ကျွန်ုပ်အား အပြည့်အဝ ထောက်ခံအားပေးခဲ့ကြသည့် PN ခေါင်းဆောင်များအားလုံးကို ကျေးဇူးတင်ရှိပါသည်။ PN ခေါင်းဆောင်မှုနှင့် အဖွဲ့ဝင်ပါတီများအားလုံး အောင်မြင်ပါစေကြောင်း ဆုမွန်တောင်းအပ်ပါသည်” ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။
သို့သော် ၎င်းအနေဖြင့် ရုတ်တရက် နုတ်ထွက်ရသည့် အကြောင်းအရင်းကိုမူ သီးခြား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
အလားတူ PN ညွန့်ပေါင်းအဖွဲ့၏ အထွေထွေ အတွင်းရေးမှူးဖြစ်ပြီး စီးပွားရေးဝန်ကြီးဟောင်းလည်း ဖြစ်ခဲ့သူ အဇ်မင် အလီ (Azmin Ali) သည်လည်း ၎င်း၏ ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။
PN မဟာမိတ်အဖွဲ့သည် ၂၀၂၂ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့သည့် အဖွဲ့ဖြစ်သည်။
အထူးသဖြင့် ရိုးရာတန်ဖိုးများကို ထိန်းသိမ်းလိုသည့် မလေးလူမျိုးများနှင့် လူငယ်မဲပေးသူများအကြားတွင် လူကြိုက်များပြီး အားကောင်းသည့် အတိုက်အခံအင်အားစု ဖြစ်သည်။
ယခုကဲ့သို့ မူဟီဒင်နှင့် အဇ်မင်အလီတို့ကဲ့သို့ ထိပ်သီးခေါင်းဆောင်များ နုတ်ထွက်သွားခြင်းကြောင့် PN ညွန့်ပေါင်းအဖွဲ့အတွင်းရှိ အင်အားအကြီးဆုံးဖြစ်သော အစ္စလာမ်မစ်ပါတီ (PAS) အနေဖြင့် ခေါင်းဆောင်မှုနေရာကို ရယူလာနိုင်ပြီး အတိုက်အခံအုပ်စုအတွင်း ဩဇာပိုမို ကြီးမားလာနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။