
AB News – နိုဝင်ဘာ ၂၁၊ ၂၀၂၅
အမရာ
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့အနီးတွင် မြန်မာနိုင်ငံသား ၂ ဦးထံမှ ရူပီ ၂၆ ကုဋေကျော်တန်ဖိုးရှိသော မက်သမ်ဖက်တမင်း ဆေးပြားများနှင့် ဟီးရိုးအင်းဆေးပြားများကို နိုဝင်ဘာ ၁၉ ရက်နေ့တွင် အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့(BSF)နှင့် မူးယစ်ဆေးဝါးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးတစ်ခုအတွင်း ၎င်းမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည်ဟု အိန္ဒိယနိုင်ငံတွင်း သတင်းဌာနများတွင် ဖော်ပြထားသည်။
မူးယစ်ဆေးဝါးဌာနအရာရှိများနှင့် (BSF) ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် တိကျသောထောက်လှမ်းရေးအချက်အလက်များအရ ဆီလင်းနှင့် တူရီရယ်ကြားရှိ NH – 6 တစ်လျှောက် စကူတာများဖြင့် စီးနင်းလာကြသော မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးခဲ့သည်။
မေးမြန်းစစ်ဆေးရာတွင် သံသယရှိသူများသည် အနီးအနားမှလမ်းဘေးချုံပုတ်များတွင် ပစ္စည်းများကိုဝှက်ထားခဲ့ကြောင်းဝန်ခံခဲ့သည်။စနစ်တကျရှာဖွေမှုကြောင့် လွတ်လပ်သော သက်သေများရှေ့တွင် ပလက်စတစ်အိတ်၂ လုံးကို ရှာဖွေတွေ့ရှိခဲ့သည်။
ပလက်စတစ်အိတ်တစ်လုံးတွင် နဂါးအမှတ်တံဆိပ် မက်သမ်ဖက်တမင်း ၁၅ ထုပ်ပါရှိပြီး အိတ်တစ်လုံးတွင် ၁၄.၉၀၅ ကီလိုဂရမ်အလေးချိန်ရှိပြီး နောက်တစ်လုံးတွင် ၇၀၇ ဂရမ်အလေးချိန်ရှိသော ဟီးရိုးအင်းဖြင့် ပြည့်နေသော ဆပ်ပြာဘူး ၄၉ လုံးပါရှိသည်။ ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများ၏ တန်ဖိုးမှာ ရူပီ ၂၆.၀၅ကုဋေ ရှိကြောင်း သိရသည်။
မဏိပူရပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေးပဋိပက္ခကြောင့် မှောင်ခိုသမားများသည် မီဇိုရမ်သို့ ပိုမိုရွေ့ပြောင်းမှုပြုလုပ်လာကြပြီး ထိုမှတစ်ဆင့် မူးယစ်ဆေးဝါးလုပ်ငန်းများကို ပြုလုပ်လာကြသဖြင့် အခြေအနေများ ပိုမိုဆိုးရွားစေခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါးအရောင်းအဝယ်နှင့် တရားမဝင်မှောင်ခိုအရောင်းအဝယ်များ မြင့်တက်လာသည်ကို မြင်တွေ့ရသည်။