
AB News – နိုဝင်ဘာ ၂၀၊ ၂၀၂၅
မောင်လိုကီ
TNLAက မိုးကုတ်မြို့တွင်းသို့ စစ်ကော်မရှင်တပ်အား ပြန်လည်ခေါ်သွင်းရန် သတ်မှတ်ရက်နီးလာ၍ မြို့ခံအရပ်သားပြည်သူ အများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်မှုများရှိနေကြောင်း သိရှိရသည်။
TNLA က နိုဝင်ဘာလ လကုန်ပိုင်းနောက်ဆုံးထားပြီး မိုးကုတ်မြို့မှ ဆုတ်ခွာမည်ဖြစ်ပြီး စကမတပ်များ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
စကမ ပြန်လည်ဝင်ရောက်လာမှုနှင့် ပတ်သတ်ပြီး မိုးကုတ်မြို့ခံများက စိုးရိမ်မှုများရှိနေပြီး အနီးအနားရှိ တော်လှန်ရေးတပ်ပေါင်းစုများနှင့် တိုက်ပွဲများဖြစ်ပွားလာနိုင်သောကြောင့် မြို့ခံများမှာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ရှောင်တိမ်းရခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်ကော်မရှင်က သူတို့ပြန်လည် ထိန်းချုပ်နယ်မြေတွေက ပြည်သူတွေကို တော်လှန်ရေးအဖွဲ့များကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းဆီးတာတွေ ပြည်သူပိုင် နေအိမ်၊ အလုပ်ရုံတွေကို ချိပ်ပိတ်တာတို့ ပြုလုပ်လေ့ရှိပါတယ်။ အဲတာတွေ ဖြစ်လာနိုင်တဲ့အတွက် ကျွန်တော်တို့က နေရပ်စွန့်ခွာရတာဖြစ်တယ်” ဟု မိုးကုတ်မြို့မှ နေရပ်စွန့်ခွာလာသူတစ်ဦးက AB Newsသို့ ပြောကြားသည်။
“ပြီးတော့ တော်လှန်ရေးတပ်ပေါင်းစုတွေကလည်း မြို့ကို စကမထံ ပြန်ပေးဖို့ အခြေအနေမရှိတော့ တိုက်ပွဲဖြစ်လာနိုင်ခြေ ရှိပါတယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။
အဆိုပါနေရပ်စွန့်ခွာသူများမှာ အိမ်စီးကား၊ ဆိုင်ကယ်၊ ကုန်တင်ကားများအသုံးပြုကာ မဘိမ်း၊ နမ့်ဆန်၊ မန္တလေးမြို့တွေဘက်သို့ ရွှေ့ပြောင်းနေကြပြီး မြို့အတွင်း၌ အိမ်စောင့်ရ န်ကျန်ခဲ့သူအနည်းငယ်နှင့် တိမ်းရှောင်ရန် ငွေကြေး မလုံလောက်သူများသာ ကျန်ခဲ့ကြောင်း သိရှိရသည်။
မိုးကုတ်မြို့သို့ စကမတပ်နှင့် ၎င်းတို့ ဌာနဆိုင်ရာဝန်ထမ်းများပြန်လည်ဝင်ရောက်လာမည်ဖြစ်သောကြောင့် TNLA ဘက်ကလည်း ၎င်း ရုံးတွေကို ပိတ်သိမ်းနေကြောင်း ဒေသဆိုင်ရာ သတင်းရင်းမြစ်များထံမှ သိရသည်။
“မြို့ထဲမှာ သူတို့ရုံးတွေ ပိတ်ပြီးတော့ ပစ္စည်းတွေ ရွှေ့သွားပြီ။ နည်းနည်းပဲ ကျန်တော့တယ်။ မြို့ပတ်ပတ်လည်မှာကတော့ သူတို့ရှိသေးတယ်” လို့ မိုးကုတ်မြို့ခံတွေက ဆိုသည်။
မိုးကုတ်မြို့တွင် စစ်ကော်မရှင်၏ ထိန်းချုပ်မှုအောက်ကို ပြန်လည်မရောက်လို၍ မြို့ခံပြည်သူများ ပြီးခဲ့သည့် နိုဝင်ဘာလ ၆ရက် ညအချိန်တွင် မြို့တွင်း၌ သံပုံးတီးပြီး ဆန္ဒပြခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့ကို တအောင်းတပ်(TNLA)နှင့် တော်လှန်ရေးတပ်ပေါင်းစုများက ၂၀၂၄ ၊ ဇူလိုင်လတွင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သော မြို့ဖြစ်ပြီး၊ ယခုအခါ TNLAက စကမနှင့် အောက်တိုဘာလ ၂၉ရက်နေ့က အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်တွင် စကမကို မိုးကုတ်နှင့် မိုးမိတ်မြို့များကို ပြန်လည်လွဲအပ်မည်ဟူသော သဘောတူညီခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ရက်နေ့တွင် TNLA နှင့် တော်လှန်ရေးတပ်ပေါင်းစုများ တွေ့ဆုံဆွေးနွေးပွဲ၌ TNLA ဘက်မှ စကမကို မိုးကုတ်မြို့သို့ နိုဝင်ဘာလ လကုန်ပိုင်းတွင်း ခေါ်သွင်းမည်ဟု အတိ့အလင်းပြောဆိုခဲ့ကြောင်း သိ ရှိရသည်။