
AB News – သြဂုတ် ၁၄၊ ၂၀၂၅
နွယ်စိုး
တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားဖွယ်ရာ ရေပိုင်နက်ဖြစ်သည့် Scarborough Shoal အနီးသို့ အမေရိကန်ဖျက်သင်္ဘောတစ်စီး ဝင်ရောက်လာမှုကြောင့် အမေရိကန်နှင့် တရုတ်တို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၃ ရက်နေ့တွင် တရုတ်စစ်တပ်၏ တောင်ပိုင်းစစ်ဆင်ရေးဌာနချုပ်က အမေရိကန် ရေတပ်ဖျက်သင်္ဘော USS Higgins သည် တရုတ်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ရေပိုင်နက်အတွင်း ဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ဤလုပ်ရပ်သည် တရုတ်၏အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ချိုးဖောက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေကြောင်း တရုတ်ဘက်က ပြစ်တင်ရှုတ်ချခဲ့သည်။
တရုတ်စစ်တပ်က အမြဲတမ်း သတိထား စောင့်ကြည့်သွားမည်ကြောင်းလည်း ပြောခဲ့သည်။
တရုတ်၏ ထုတ်ပြန်ချက်ကို အမေရိကန်၏ အမှတ် (၇) ရေတပ်အုပ်စုက ချက်ချင်းတုံ့ပြန်ခဲ့ပြီး တရုတ်ပြောဆိုချက်များမှာ မမှန်ကန်ကြောင်း ငြင်းဆိုခဲ့သည်။
USS Higgins သည် နိုင်ငံတကာ ဥပဒေနှင့်အညီ ရေကြောင်းသွားလာခွင့်နှင့် လွတ်လပ်ခွင့်ကို အပြည့်အဝရရှိထားကြောင်း အမေရိကန်ရေတပ်က ပြောဆိုခဲ့သည်။
“အမေရိကန်က နိုင်ငံတကာဥပဒေက ခွင့်ပြုထားတဲ့ ဘယ်နေရာမှာမဆို လွတ်လပ်စွာ ပျံသန်းခြင်းနဲ့ ခုတ်မောင်းသွားလာခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေမှာပါ။ တရုတ်က ဘာပဲပြောပြော ကျနော်တို့ရဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်မှာမဟုတ်ပါဘူး” ဟု အမေရိကန် ရေတပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Scarborough Shoal ရေပြင်သည် နှစ်စဉ် ဒေါ်လာ ၃ ထရီလီယံကျော် တန်ဖိုးရှိ ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်သည့်အတွက် မဟာဗျူဟာမြောက် အရေးပါသောနေရာတစ်ခု ဖြစ်သည်။
ဤဒေသသည် ဒေသတွင်း တင်းမာမှု၏ အဓိကအကြောင်းရင်းများထဲမှ တစ်ခုလည်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံကလည်း Scarborough Shoal အနီးတွင် တရုတ်သင်္ဘောများက ဥပဒေနှင့်မညီသော အန္တရာယ်ရှိသည့် လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲထားသည်။