
AB News- ဇူလိုင် ၃၁၊ ၂၀၂၅
ဒေဝီ
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းတို့ဖွဲ့စည်းထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) ကို ဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
မင်းအောင်လှိုင်သည် ယာယီသမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဆက်လက်ယူထားကြောင်းလည်း သိရသည်။
ယခင် စစ်ဦးစီးချုပ်အဖြစ် နိုင်ငံတော်အာဏာကို ရယူထားမှုကို အဆုံးသတ်ကာ ယာယီသမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ် ရာထူးယူပြီး နိုင်ငံတော်အာဏာကို ပြန်လည်ရယူလိုက်ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။
ယနေ့ ဇူလိုင် ၃၁ ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ပြီး အဆိုပါအဖွဲ့တွင် မင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်သည်။
အဆိုပါကော်မရှင်တွင် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းက ဒုဥက္ကဋ္ဌ၊ ဦးညိုစောက နိုင်ငံတော်ဝန်ကြီးချုပ်၊ ဦးအောင်လင်းဒွေးက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် အဖြစ် အသီးသီး တာဝန်ယူခဲ့ကြသည်။
ဝန်ကြီးချုပ်အသစ် ရာထူးကို ရယူခဲ့သော ဦးညိုစောအား စစ်ရာထူးဖြစ်သည့် ဗိုလ်ချုပ်ကြီးရာထူးမှ အနားပေးပြီး အရပ်ဘက်ရာထူးပေးလိုက်ခြင်း ဖြစ်သည်။
အဆိုပါကော်မရှင်သည် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေးအပြင် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ကာ/လုံသို့ အာဏာလွှဲအပ်ပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၈ နှင့် ပုဒ်မ ၄၂၉ အရ ကာ/လုံက ဦးဆောင်ပြီး အာဏာပိုင်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲကော်မရှင်တို့ကို ဖွဲ့စည်းရမည်ဖြစ်ကာ အထွေထွေရွေးကောက်ပွဲကို ခြောက်လအတွင်း ကျင်းပပေးရမည်ဖြစ်ကြောင်း
လည်း ပါရှိသည်။