သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားအော်တွင် မုတ်သုံလေ အားကောင်းနေမှုကြောင့် ရက္ခိုင်မှ မြို့နယ်အချို့ ရေနစ်မြုပ်

AB News – ဇူလိုင် ၂၉၊ ၂၀၂၅
ချန်ဒြာ

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် မုတ်သုံ​လေ အားကောင်းနေမှုကြောင့် ဇူလိုင်လ ၂၇ ရက်နေ့မှစ၍ ရက္ခိုင်မှ ​မြို့နယ်အချို့တွင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

လက်ရှိ ရေနစ်မြုပ်နေသော ဒေသများအနက် မင်းပြားမြို့နယ်တွင် ပန်းမြောင်းချောင်းတစ်လျှောက်ရှိ လက်ခုတ်၊ မြင်းတင်မ၊ ဒုံးသား၊ တံခွန်တိုင်၊ ချင်းဆိပ်၊ တောတန်း၊ သာစည်၊ ချောင်းတို၊ ကပ္ပဲ့၊ ပုလဲတောင်၊ ဝါးတောင်၊ အသေကာလ၊ မင်းဖူး၊ မြင်းကဆိပ်၊ ကုလားမတောင်၊ ဒုံကြီး စသည့် ကျေးရွာပေါင်း ၁၆ ရွာ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် မြောက်ဦးမြို့နယ်ရှိ ကျောက်ဆည်ပြင်၊ လက္ကာ၊ ပေါက်တောပြင်၊ လေးမြို့ချောင်း စသည့် ကျေးရွာများတွင်လည်း ရေနစ်မြုပ်နေကြောင်း သိရသည်။

ဒေသခံလယ်သမားတစ်ဦးက “မိုးကလည်း အဆက်မပြတ်ရွာနေတယ်။ ရေကြီးရေလျှံမှုတွေလည်း မကြာခဏ ဖြစ်နေတယ်ဆိုတော့ မိုးစပါးတွေ ပျက်စီးသွားမှာကို စိုးရိမ်ရတယ်၊၊ ဘယ်လို လုပ်ရမှန်းတောင် မသိတော့ဘူး “ဟု ဆိုသည်။

ရက္ခိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် ဒီရေမြင့်တက်လာမှုကြောင့် သံတွဲမြို့နယ်ရှိ မြေနိမ့်ပိုင်းများတွင် ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပြီး သမုတ်ချောင်း၊ နံတော်ပြင်၊ မဲကျွန်း စသည့် ဒေသများမှ ပြည်သူများသည် ယာယီပြောင်းရွှေ့ခဲ့ရသေးသည်။

ယင်းအပြင် ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နှင့် ၉ ရက်နေ့ကလည်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုကြောင့် ရခိုင်ဒေသအတွင်းရှိ မြေနိမ့်ပိုင်းဒေသများတွင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။

ဇွန်လကုန်ပိုင်းကလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့နယ် ၈ ခုတွင် ရေဘေးသင့်ပြည်သူ ၁၂,၀၀၀ ကျော်မှာ အကူအညီများ လိုအပ်နေကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က သတင်း ထုတ်ပြန်ချက်အရ သိရသည်။

Photo – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ