AB News – မတ် ၁၆၊ ၂၀၂၅
အမေရိကန်အစိုးရ၏ ထောက်ပံ့ငွေဖြင့် လည်ပတ်နေသော RFA၊ VOA အပါအဝင် အခြားမီဒီယာများကို သမ္မတဒေါ်နယ်ထရမ့်၏ အမိန့်ဖြင့် လုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်ကြောင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
အမေရိကန်အစိုးရ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် လည်ပတ်နေသော VOA၊ RFA၊ RFE အပါအဝင် အခြားအသံလွှင့်ဌာနများမှ ဝန်ထမ်းအများအပြားပါဝင်ပြီး ၎င်းတို့အား လုပ်ငန်းရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အသိပေးစာများ ရရှိခဲ့ကာ ဝန်ထမ်းကတ်နှင့် ရုံးသုံးပစ္စည်းကိရိယာများကို ပြန်အပ်ရန်ပါ အသိပေးခံခဲ့ရခြင်းဖြစ်သည်။
VOA နှင့် RFA သတင်းဌာနများသည် ကမ္ဘာ့မီဒီယာရေးရာ အမေရိကန်ဌာန (US Agency of Global Media – USAGM) ၏ လက်အောက်ခံအဖွဲ့များဖြစ်ပြီး ထိုဌာန၏ အထူးအကြံပေးမှာ ဒေါ်နယ်ထရမ့် ခန့်အပ်ထားသော အမျိုးသမီးသတင်းထောက်ဟောင်း Kari Lake ဖြစ်သည်။
USAGM ဌာနအပါအဝင် ဖက်ဒရယ်အစိုးရက ပံ့ပိုးထားသော ငွေဖြင့်လည်ပတ်နေသည့် အလုပ်သမားပြဿနာ ဖြေရှင်းရေးလုပ်ငန်းများနှင့် အိုးမဲ့အိမ်မဲ့များ ကူညီသည့်ဌာနများတွင် “ဥပဒေအရ ပြဋ္ဌာန်းချက်အရ လိုအပ်သည့် အနည်းဆုံးလူအင်အား၊ အနည်းဆုံးလုပ်ငန်းပမာဏအထိ လုပ်ငန်းများအားလုံး လျှော့ချရမည်” ဟု ဒေါ်နယ်ထရမ့် အမိန့်တွင် ပါရှိသည်။
“ခမ်းနားခဲ့ရတဲ့ VOA ရဲ့ သမိုင်းဟာ ပထမဆုံးအကြိမ် နှုတ်ပိတ်ခံလိုက်ရပြီဖြစ်တဲ့အတွက် အလွန်ကို ကျနော်ဝမ်းနည်းမိပါတယ်” ဟု VOA အကြီးအကဲ Michael Abramowitz ကလည်း ထုတ်ဖော်ပြောဆိုသည်။
“ကျွန်တော်အပါအဝင် သတင်းထောက်များ၊ သတင်းခန်းစီစဉ်သူများ၊ အထောက်အကူဝန်ထမ်းများအားလုံး အလုပ်မှ ရပ်ဆိုင်းခံလိုက်ရပါပြီ” ဟု ၎င်းက ရေးသားထားသည်။
ထို့အတူ RFA သတင်းဌာနကိုလည်း ထရမ့်ခန့်အပ်သည့် USAGM အကြီးအကဲက ပေးပို့သောစာ၌ “ဖက်ဒရယ်က ပံ့ပိုးထားမှုကို ရပ်လိုက်ပါပြီ၊ မသုံးရသေးသော ပိုက်ဆံများအားလုံး ချက်ချင်းပြန်ပေးပါ၊ ကျေနပ်မှုမရှိပါက ရက် ၃၀ အတွင်း အယူခံတင်ရန်” ဟု စာပေးပို့ခဲ့ကြောင်း RFA က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
RFA သတင်းဌာနသည် သတင်းအချက်အလက် တည်းဖြတ်ထုတ်ဝေရာတွင် လွတ်လပ်ပြီး ဩဇာလွှမ်းမိုးမှုကင်းသည့် သတင်းဌာနတစ်ခုဖြစ်ပြီး အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးက ဥပဒေပြဋ္ဌာန်းပြီး ဖွဲ့စည်းထားသော သတင်းဌာနတစ်ခုဖြစ်သည်။
ထို့အတူ RFA သတင်းဌာနသည် ၁၉၉၆ ခုနှစ်တွင် ကွန်ဂရက်လွှတ်တော်၏ ဥပဒေပြဌာန်းမှုဖြင့် ပေါ်ပေါက်လာသော သတင်းဌာနတစ်ခုဖြစ်ပြီး ကနဦးတွင် တရုတ်မန်ဒရင်းဘာသာ၊ ထို့နောက် မြန်မာ၊ ကန်တုံတရုတ်၊ ဝီဂါ၊ တိဘက်၊ ကိုရီးယား၊ ခမာ၊ ဗီယက်နမ်နှင့် လာအိုဘာသာများဖြင့်ပါ တိုးချဲ့ထုတ်လုပ်ခဲ့သည်။
လတ်တလောတွင် RFA ၏ လုပ်ငန်းများ မည်သို့မည်ပုံ ဆက်လက်မည်ကို ရှင်းရှင်းလင်းလင်း မသိရှိသေးကြောင်းနှင့် RFA အကြီးအကဲ ဘေးဖန်း၏ စနေနေ့ ထုတ်ပြန်ချက်၌ ထရမ့်၏ အမိန့်ကို ဥပဒေအရ စိန်ခေါ်သွားမည်ဖြစ်ကြောင်း RFA ၏ တရားဝင်ထုတ်ပြန်ချက်တွင် ပါရှိသည်။