
AB News-ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၅
ချင်းပြည်နယ်တွင် ချင်းပြည်ကောင်စီ (CC)နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့အကြား ပေါင်းစည်းပြီး ချင်းအမျိုးသားကောင်စီ (CNC) အဖြစ် ဖွဲ့စည်းရန် သဘောတူလိုက်ကြောင်း အဆိုပါအဖွဲ့အစည်း ၂ ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာသည်ကို တွေ့ရသည်။
ချင်းပြည်နယ်မှာ ချင်းတိုင်းရင်းသား ကောင်စီ ၂ ခုရှိနေသည်မှာ မသင့်တော်ဟု နှစ်ဖက် လက်ခံယုံကြည်ကြသဖြင့် ချင်းပြည် (Chinland) ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့က ကောင်စီအသစ်အဖြစ် ပေါင်းစည်းရန် သဘောတူခဲ့ကြပြီး ယင်းကောင်စီအမည်ကို ချင်းအမျိုးသားကောင်စီ(Chin National Council ) ဟု ခေါ်တွင်ရန် သဘောတူညီကြကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
ယင်းအပြင် ချင်းအမျိုးသားကောင်စီ အမြန်ဆုံးပေါ်ပေါက်လာနိုင်ရန် ချင်းအမျိုးသားဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူညီထားကြောင်း သိရှိရသည်။
ချင်းပြည် (Chinland) ကောင်စီမှာ နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းဖြစ်ပြီး ထိုချင်းပြည်ကောင်စီလက်အောက်ခံများမှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ၊ PDA – Tedim ၊ CDF -–Matupi တပ်မဟာ ၂ ၊ CDF – Lautu ၊ CDF – Tongzang ၊ CDF – Zotung၊ CDF – Hakha ၊ CDF / CDM SIYIN၊ CDF – KKG၊ CDF – Mara ၊ CDF – Paletwah ၊ CDF – Zanniatram နှင့် Mindat Council စသည့် ချင်းပြည်နယ်အခြေပြု လက်နက်ကိုင်အဖွဲ့များ ပါဝင်သည်။
ကြားကာလချင်းအမျိုးသားကောင်စီ (ICNCC) တွင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ZFU / PDF – Zoland၊ CDF – Mindat ၊ CDF – Kanpalet ၊ CDF -–Matupi တပ်မဟာ ၁ ၊ MTC/ MDF စသည့် ချင်းတိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များ ပါဝင်ကြောင်း သိရှိရသည်။