AB News – မတ်လ ၂၆၊ ၂၀၂၄
ရက္ခိုင်ပြည်၊ စစ်တွေတွင် စစ်ကောင်စီ၏ မတရား ဖမ်းဆီး ထောင်ချခံထားရသည့် ရက္ခိုင်အမျိုးသမီးများ ကွန်ရက် ဥက္ကဌ၏ရုံး ဖောက်ထွင်းခံရပြီး တန်ဖိုးငွေကျပ်သိန်း ၁၀၀ ကျော်ဖိုး ပါသွားကြောင်း သိရသည်။
ယမန်နေ့မတ်လ ၂၅ ရက် နေ့လည် ၂ နာရီကျော်တွင် စစ်တွေမြို့ မင်းဂံ အကွက် ၄ နောက်ဖက်တွင်ရှိသော ရက္ခိုင်အမျိုးသမီးများကွန်ရက်ရုံး ဖောက်ထွင်းခံရပြီး ပစ္စည်းများကို ခိုးယူသွားခဲ့ကြောင်း အတွင်းရေးမှူးဖြစ်သူ မစောမြသန္တာက AB News သို့ပြောသည်။
“ကျမတို့ရုံးကိုသော့ပိတ်ထားတာပါ။ သူခိုးတွေက နေ့လည်ဖက်လာခိုးသွားပါတယ်။ သိန်း ၁၀၀ ကျော်ဖိုးလောက်ပါသွားတယ်” ဟု ဆိုသည်။
ပါသွားသည့် ပစ္စည်းအမျိုးအစားမှာ ရုံးသုံး Projector ၂ လုံး၊ ကွန်ပျူတာ အကောင်း ၄ လုံး၊ စက်အနည်းငယ်ချို့ယွင်းနေသည့် ကွန်ပျူတာ ၁၀ လုံး၊ ရေမော်တာ ၁ လုံးနှင့် အဝတ်အထည်များဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
စစ်တွေမြို့သည် စစ်ကောင်စီ၏ အုပ်စိုးမှု အောက်တွင်ရှိနေသည့်အတွက် ဤအမှုအား စစ်ကောင်စီက အရေးယူဆောင်ရွက်ပေးစေလိုကြောင်း မစောမြသန္တာက ဆက်ပြောသည်။
“စစ်တွေမြို့ဟာ စစ်အစိုးရအာဏာတည်နေသိတဲ့မြို့ဖြစ်တဲ့အတွက် ဒီစစ်အစိုးရမှာတာဝန်အပြည့်အဝရှိပါတယ်။ အခုလိုသူခိုးတွေသောင်းကျန်းနေတာကိုသက်ဆိုင်ရာအစိုးရတွေက တာဝန်ယူပြီး အရေးယူဆောင်ရွက်ပေးစေချင်ပါတယ်” ဟုဆိုသည်။
အဆိုပါ ဖောက်ထွင်းခြင်းခံရမှုနှင့်ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့်သွားမည်ဟု ၎င်းကဆက်ပြောသည်။
ဒေါ်ညိုအေးမှာ ရက္ခိုင်အမျိုးသမီးများ လူ့အခွင့်အရေး၊ တန်းတူရေး၊ တရားမျှတရေးများအတွက် ဦးဆောင် ဦးရွက် ရှေးတန်းမှ ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။
သူမကို မတ်လ ၁၈ ရက်၊ နံနက် ၁၁ နာရီကျော် အချိန်တွင် ပုဒ်မ ၅၀၅ ( ခ) ဖြင့် ငြိစွန်းသည်ဟုဆိုကာ စစ်တွေမြို့နယ်တရားရုံးမှ ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL