ABN-ရှိုင်းမိုး
စတင်ဘာ ၁ရက်
စစ်ကိုင်းတိုင်းတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေး PDF တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟုသိရသည်။
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီစစ်အင်အား ၁၀၀ ကျော်သည် သြဂုတ်လ ၃၁ရက်နေ့ ညနေပိုင်းမှ ဝင်ရောက်လာကြပြီး လောင်းရှည်ရွာတွင် ညအိပ်ခဲ့ကြသည်ဟုသိရသည်။
ထိုစစ်ကောင်စီတပ်သား ၁၀၀ ကျော်သည် ယနေ့နံနက်ပိုင်းက သံလမ်းတစ်လျောက် လက်ပံလှအနောက်ဘက် ရွာသန်းရွာ အရှေ့မြောက်ဘက်သို့ရောက်ရှိလာကြသောကြောင့် ခင်ဦးမြို့နယ်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့မှ မိုင်းဆွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြသည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီမှ သေဆုံးမှုများပြီး ဒဏ်ရာရရှိသူများကိုလည်း ပေါက်တုံရွာဘက်သို့သယ်ဆောင်သွားခဲ့ကြသည်ဟုသိရသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီစစ်ကြောင်းကိုကြောက်လန့်၍ ခင်ဦးတောင်ဘက်ခြမ်းရှိ လောင်းရှည်ရွာ၊ လက်ပံလှရွာ၊ ရွာသန်းရွာ၊ ပေါက်တုံရွာ၊ ကျီးကန်းရွာနှင့် ရေအေးကုန်းရွာမှ ဒေသခံ ၈၀၀၀ ကျော်မှာ ထွက်ပြေးနေရဆဲဖြစ်ကြောင်းသိရသည်။