
AB News – နိုဝင်ဘာ ၂ ရက်
စစ်ကောင်စီမှ စီးနင်းဖမ်းယူသွားသည့် DMG သတင်းထောက်ကို ဆက်သွယ်ရေးပုဒ်မ ၆၅ ဖြင့်အမှုဖွင့်ထားပြီး လာမည့် ၁၃ ရက်နေ့တွင်ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။
ထိုသတင်းထောက်ကို စစ်ကောင်စီက မည်သည့်အကြောင်းကြောင့် ဖမ်းသွားသည်ကိုတိတိကျမသိရသေးပဲ ရုံးထုတ်သွားမည့်နေ့မှ အခြေအနေတစ်ခု သိရမည်ဖြစ်သည်ဟု Development Media Group ( DMG) ပြောရေးဆိုခွင့်ရှိသူ ကိုဇော်က AB News သို့ပြောသည်။
” ဘာကြောင့်ဖမ်းတာလဲတော့သေချာမသိရသေးဘူး၊ လာမယ့် ၁၃ ရက်နေ့ ရုံးထုတ်ခါမှပဲ ကျနော်တို့သိရမယ်” ဟု ဆိုသည်။
ဖမ်းဆီးခံထားရသည့် သတင်းထောက် ကိုထက်အောင်ကို ဖြင့် စစ်တွေမြို့နယ် တရားရုံး၌ ချုပ်ရမန်ယူ၍ မြို့မရဲစခန်းမှ ဆက်သွယ်ရေးပုဒ်မ ၆၅ ဖြင့် အမှုဖွင့်ထားသော်လည်း ညစောင့်တစ်ဦးကိုကား မသိရှိရသေးပေ။
ကိုထက်အောင်ကို စစ်ကောင်စီမှ ဖမ်းဆီးသွားသည့်နေ့မှစ၍ တွေ့ခွင့်မရရှိသည့်အပြင် ၎င်း၏ကျန်းမာရေးအခြေကိုမသိရှိရဘဲ အမြန်ဆုံးတွေ့ချင်ကြောင်း အစ်မဖြစ်သူ ဒေါ်နေဆန်းဦးက ပြောသည်။
“ဖမ်းဆီးသွားတဲ့နေ့ကစလို့ တွေ့ခွင့်မရသေးပါဘူး၊ ကျန်းမာရေးအခြေအနေလည်းသိချင်တယ်၊ အမြန်ဆုံးတွေ့ချင်ပါတယ်” ဟု ဆိုသည်။
၎င်းကို အောက်တိုဘာလ ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က စစ်တွေမြို့ ဝင်္ကဘာကွင်းတွင်ကျင်းပသော ဆွမ်းတော်ကြီးလောင်းပွဲတွင် သတင်းရယူနေစဥ် စစ်ကောင်စီ၏ဖမ်းဆီးခြင်းကိုခံခဲ့သည်နှင်ံ့တစ်ပြိုင်နက် DMG ရုံးချုပ်သို့ခေါ်သွားပြီ ရုံးစောင့်တစ်ဦးအားထပ်မံဖမ်းဆီးသည့်အပြင် ရုံးပိုင်ပစ္စည်းများဖြစ်သော ကွန်ပျူတာများ၊ ကင်မရာများ နှင့် စာရွက်စာတမ်းအချက်အလက်တစ်ချို့ကို သိမ်းဆည်း သွားကြောင်း သိရသည်။
ထို့အပြင် Development Media Group ( DMG) သတင်းဌာနရုံးအား လိုင်စင်မဲ့လုပ်ကိုင်နေသည်ဟုဆိုကာ ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့ ၂ ဦးကို စစ်တွေမြို့အမှတ် ၁ ရဲစခန်းတွင်ထိန်းသိမ်းထားကြောင်း သိရသည်။
စစ်ကောင်စီသည် ရခိုင်မှာရှိသည့်မီဒီယာများအားလုံးကို ပိတ်ပင်နေခြင်းဖြစ်ပြီး မီဒီယာ အလုပ်ကို မလုပ်ဝံ့အောင် ခြိမ်းခြောက်နေခြင်းဖြစ်သည် DMG သတင်းဌာန၏ ပြောခွင့်ရက ပြောသည်။
“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ရခိုင်ပြည်မှာရှိတဲ့မီဒီယာတွေကို ပိတ်ပင်တာဖြစ်တယ်၊ တစ်ချို့မီဒီယာတွေဆို ထွက်ပြေးနေကြရတယ်၊ကျနော်တို့ သတင်းသမားတွေကို လုံးဝခြိမ်းခြောက်တဲ့အနေအထားဖြစ်တယ်၊ နိုင်ထက်စီးနင်းလုပ်တယ်၊ ဒါကြောင့်ဖြစ်လို့ ကျနော်တို့ပြင်းပြင်းထန်ထန်ရှုတ်ချတယ်၊ အဖွဲ့အစည်းအနေနဲ့ရပ်တည်နေတဲ့သတင်းဌာတွေက တိုင်းပြည်တိုင်းမှာရှိပါတယ်၊ ကျနော်တို့ပြည်မှာရှိတဲ့မီဒီတွေကို ထိုးနက်တယ်၊ မရှိဝံ့အောင် မလုပ်ဝံ့အောင် အားနဲ့မာန်နဲ့ ခြိမ်းခြောက်နေတာ ဖြစ်တယ် ” ဟု ဆိုသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ DMG သတင်းဌာနသည် မြန်မာ့ရေးရာ၊ နိုင်ငံတကာရေးရာ အပါအဝင် ရခိုင်ပြည်အရေး ကိစ္စများနှင့်ပတ်သက်ပြီး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဘက်လိုက်မှုမရှိဘဲ ရေးသားတင်ပြနေသော အမှီအခိုကင်းသည့် သတင်းဌာနတစ်ခုဖြစ်၍ ယခုလုပ်ရပ်အား DMG အနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ထားသည်။
ရခိုင်ပြည် အခြေစိုက်သတင်းဌာနများဖြစ်သည့် Narinjara ၊ Western News ၊ Development Media Group ( DMG) သတင်းဌာနအသီးသီးမှ အယ်ဒီတာချုပ်များနှင့် သတင်းထောက်များကို စစ်ကောင်စီက တရားစွဲဆိုမှုပြုလုပ်ခဲ့ပြီး Border News Agency ( BNA )က အယ်ဒီတာချုပ်ကိုလည်း စစ်ကောင်စီက ခြိမ်းခြောက်ထားသည်ကိုတွေ့ရှိရသည်။
ထို့အပြင် ရခိုင်အခြေစိုက် ရခိုင်သတင်းမီဒီယာ တစ်ခုဖြစ်သည့် Arakan Bay News သတင်းဌာန၏ အယ်ဒီတာချုပ်ကိုလည်း စစ်ကောင်စီအဖွဲ့က လိုက်လံရှာဖွေနေကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းတုများဖန်တီးရေးသားနေသည့် Facebook Page နှင့် Telegram ချန်နယ်များတွင် ရေးသားထားသည်ကို တွေ့ရသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း သတင်းဌာန ၁၀ခု ကျော်ကို စစ်ကောင်စီမှ မတရားပိတ်သိမ်းအရေးယူမှုများပြုလုပ်ခဲ့ကာ သတင်းထောက် ၁၄၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး၊ သတင်းထောက် ၆၀ ကျော်သည် အကျဥ်းထောင်ထဲ၌ မတရားပြစ်ဒဏ်ကျခံလျက်ရှိပြီး၊ သတင်းသမား ၄ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။