Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ALP ဖမ်းဆီးထားသည့် မသန်းသန်းဌေးအား မိသားစုများ တွေ့ခွင့်မရ

ALP ဖမ်းဆီးထားသည့် မသန်းသန်းဌေးအား မိသားစုများ တွေ့ခွင့်မရ

ABN-ထက်မြတ်ခင်

ALPမှ ဖမ်းဆီးထားသည့် ရခိုင်ပြည် ပေါက်တောမြို့နယ် ငွေတွင်းတည်ကျေးရွာက မသန်းသန်းဌေးအား မိသားစုများကို တွေ့ခွင့်မပေးကြောင်း သိရသည်။

မသန်းသန်းဌေးမှာ ပြီးခဲ့သည့် မေလ၃ရက်နေ့ နေ့လယ်အချိန်တွင်ဖမ်းဆီးခံခဲ့ရပြီး ၇ ရက်ကြာလာသည့်တိုင် မိသားစုများနှင့် တွေ့ခွင့်မရဟု မသန်းသန်းဌေး၏ မိခင်ဖြစ်သူ ပြောကြားချက်အရသိရသည်

‘ပထမဆုံး ကျမတို့သွားရှာတော့မရှိဘူး ငြင်းပါတယ်၊ နောက်နေ့ထပ်သွားတော့သူတို့က တွေ့လို့မရဘူးပြောပါတယ်၊ သူမကို ထမင်းမကျွေးပဲထားရဲ့လားဆိုတာကိုလည်း ကျမတို့သိခွင့်မရဘူး” ဟုပြောသည်။

မေလ ၈ နေ့ကလည်း ဖမ်းဆီးခံထားရသည့် မသန်းသန်းဌေး၏ မိခင်မှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ ALPရုံသို့သွားရောက် ရှာဖွေခဲ့ရာတွင် မောင်းထုတ်ခံခဲ့ရသည်ဟု မိခင်ဖြစ်သူကဆက်ပြောသည်။

“ကျမကပြောပါတယ် ကျမသမီးကိုလွှတ်ပေးပါ ငွေဘယ်လောက်ပေးရ ပေးရ လို့ပြောပါတယ်၊ သူတို့ကငွေလိုချင်လို့ဖမ်းထားတာမဟုတ်ဘူးပြောပါတယ်၊ ပြီးတော့ ညနေ၃နာရီမှာ ရုံးထိုင်နဲ့လာပြောလို့ ဆိုပါတယ်၊ ကျမလည်း ၃နာရီအချိန်ထပ်ရောက်သွားတော့ သူတို့ကတွေ့မပေးပါ၊ ပြီးတော့ကျမကို သွားတော့ နောက်တော့သိလိမ့်မယ်လို့ ပြောပါတယ်” ဟုပြောသည်။

၎င်း အမှုကိစ္စ နှင့်ပတ်သတ်၍ ALP မှ ဖမ်းဆီးထားခြင်း၊ ဟုတ်မဟုတ်အကြောင်းအရာများကို ABN မှ ဆက်သွယ်မေးမြန်းခဲ့ရာ ALP က ဖမ်းဆီးထားခြင်းမရှိကြောင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး ဇော်မင်းသိန်းက ပြောသည်။

“မိန်းကလေးတွေနဲ့ပတ်သက်လို့ ကျနော်တို့မှာ မရှိပါ၊ ကျနော်တို့မှာ မိန်းကလေးတွေရဲ့ အမှု ကိစ္စ နဲ့ပတ်သက်လို့ ပေါက်တောမြို့နယ် ငွေတွင်းတည်က တစ်ယောက်လည်းမရှိပါ၊ အမှု ကိစ္စနဲ့ပတ်သက်လို့ အားလုံးကိုပိတ်ထားပါတယ်၊ ဖမ်းဆီးခြင်းလည်းမလုပ်ပါ ” ဟု ဆိုသည်။

ကလေးနှစ်ယောက်မိခင် မသန်းသန်းဌေးမှာ မိသားစုစားဝတ်နေရေးအတွက် ရက်ကျ ပန်းရံလုပ်ကာ ရှာဖွေလုပ်ကိုင်ကျွေးမွေးနေသူတစ်ဦးဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ