Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA နှင့်ဆက်စပ် သံသယဖြင့် ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရသူများအား ပုံမှန်ရုံးထုတ်နေသော်လည်း စစ်ကောင်စီတပ် တရားလိုမရောက်၍ မစစ်ဆေးနိုင်ဘဲ ရုံးချိန်းသာ အကြိမ်ကြိမ်ရွှေ့နေ

AA နှင့်ဆက်စပ် သံသယဖြင့် ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရသူများအား ပုံမှန်ရုံးထုတ်နေသော်လည်း စစ်ကောင်စီတပ် တရားလိုမရောက်၍ မစစ်ဆေးနိုင်ဘဲ ရုံးချိန်းသာ အကြိမ်ကြိမ်ရွှေ့နေ

ABN-ရှိုင်းမိုး

ရခိုင်တွင် AA နှင့်ဆပ်စပ်သည်ဟုစွပ်စွဲပြီး ဖမ်းဆီးထားသည့် ပြည်သူများကို ရုံးထုတ်သော်လည်း စစ်ကောင်စီဖက်မှ တရားလိုအကြိမ်ကြိမ်ပျက်ကွက်နေသည့်အတွက် စွပ်စွဲခံရသူများမှာ နစ်နာလျက်ရှိနေ သည်ကိုတွေ့ရသည်။

AA နှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီး တရားစွဲရန် တရားလိုများမှ အာဏာသိမ်း အကြမ်းဖက် စစ်တပ်က ဗိုလ်ကြီးအဆင့်ရှိသူများ ဖြစ်နေပြီး ၎င်းတို့မှာ တရားလိုနာမည်သာခံပြီး တရားရုံးချိန်းများကို မတက်ရောက်ဘဲ အမှုများမှာ အကြိမ်ကြိမ်ရုံးချိန်းများဖြင့် နှစ်ချီကြာမြင့်လာနေပြီဖြစ်သည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က AA နှင့်ပတ်သက်သည်ဟုစွပ်စွဲကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပါအဝင် ဒေသခံ ၆၀ကျော်ကိုဖမ်းဆီးပြီး ရုံးထုတ်နေသော်လည်း စစ်ကောင်စီဖက်မှ တရားလို တကြိမ်တခါမျှ ရောက်လာခြင်းမရှိဟုသိရသည်။

ထိုအထဲမှ မိသားစုဝင်တစ်ဦးမှ “ သူတို့ဖမ်းပြီး ၁ပတ်လောက်ကြာတာနဲ့ရုံးစထုတ်ပါတယ်၊ ရုံးထုတ်တာလည်း ၁၈ကြိမ်ရှိပြီး၊ ၁ ကြိမ်မှ မရောက်သေးပါဘူး ၊ ကျွန်မလိုချင်တာက တရားလို မအားဆိုဘူးရင် ၂ကြိမ် ၃ကြိမ်လောက်ဆိုရင် မအားဘူးဆိုတာကိုလက်ခံပေးလို့ရတယ်၊ အခုက ၁၈ကြမ်ရှိပြီး၊ ဒါဟာအပြစ်မရှိသူတွေကို တမင်သက်သက်အပြစ်ရှာပြီးလုပ်ထားတာ၊ အပြစ်ရှိတယ်လိုထင်ရင် စစ်ဆေးမေးမြန်းလို့ရတာပဲကို၊ အခုက ဘာမှလည်း မမေးမြန်းမစစ်‌ဆေးဘူး ဟုပြောသည်။

တောင်ကုတ်မြို့နယ်မှဖမ်းဆီးထားသည့်‌ဒေသခံ ၃၀ ကျော်ကို ရုံးထုတ်စစ်ဆေးခြင်းမပြုလုပ်ဘဲ သံတွဲထောင်ကိုပို့ထားသည်ဟု ဖမ်းဆီးခံထားရသည့်မိသားစုဝင် တစ်ဦးကပြောသည်။

“ ဒီတောင်ကုတ်မြို့နယ်ထဲက သူတို့ဖမ်းခေါ်သွားတဲ့ဒေသခံတွေကို တောင်ကုတ်မြို့မှာမထားပါဘူး၊ သံတွဲထောင်ထဲမှာထားပါတယ်၊ ရုံးထုတ်တာလည်းမရှိပါဘူး၊ သံတွဲမှာထုတ်တာထင်လို စုံးစမ်းရင်လည်း မထုတ်ဘူးလို့ သိရပါတယ်၊ စုစုပေါင်းလူ ၃၀‌ ကျော်တယ်၊ ဒီနေ့အချိန်ထိဘာမှထူးခြားတာမရှိသေးဘူး၊ ဖမ်းထားတာ တကျော့ပြန်တိုက်ပွဲပြီးကတည်းကပါ၊ သူတို့ကိုပြန်လွတ်စေချင်ပြီ” ဟုဆိုသည်။

ကျောက်တော်၊ မြောက်ဦး စသည့်မြို့နယ်တို့တွင် ရုံးချိန်း အကြိမ် ၁၀ ကျော်လာရှိသော်လည်း တရားလို ၁ ကြိမ်မှ မရောက်သည့်အတွက် အမှုရင်ဆိုင်နေရသည့်မိသာစုဝင်များမှာ စိတ်ပျက်နေကြသည်။

“ ကျွန်မတို့က တနေ့လုပ်မှ တနေ့စားရတဲ့သူတွေ၊ အခုက အိမ်က ယောက်ျားလည်း သူတို့ဖမ်းခေါ်ပြီ၊အခုလိုလုပ်ထားတယ်၊ ကြာရင်တစ်မိသားစုလုံး ဒုက္ခရောက်ဖို့ပဲရှိတယ်၊ ရုံးချိန်းခေါ်ရင်တောင် သွားစရာ ခရီးစရိတ်မရှိလို့ လမ်းလျှောက်ပြီသွားနေရတာ၊ ရုံးချိန်းကလည်း တစ်ကြိမ်မှတရားလိုရောက်တာမဟုတ်ဘူး၊ ဒီတိုင်းချိန်းတာတခုတည်းဘာမှ အဓိပ္ပာယ်မရှိဘူး” ဟုပြောသည်။

လက်ရှိရခိုင်တွင် စစ်ကောင်စီမှ မတရားဖမ်းဆီးထားသည့် ဒေသခံများ၏ မိသားစုဝင်များမှာ စားဝတ်နေရေးအခက်ခဲများနှင့်ရင်ဆိုင်နေကြရကြောင်း ပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅၉၄ ဦးကို ဖမ်းဆီးခဲ့ပြီး၊ ထိုအထဲမှ ၃၉၁ပြန်လွှတ်ပေးခဲ့ပြီး ၂၀၃ဦးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၇ ရက်ကပြုလုပ်ခဲ့သည့် (၇) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ