Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်း ရိုးတောင်ပေါ်ရှိ ဆင်ခုံတိုင်ရွာတွင် ဒေသခံချင်းရွာသားများအား အဓမ္မခေါ်ယူ စစ်သင်တန်းပေးနေ
ဓာတ်ပုံ-ရက္ခိုင်မျိုးနွယ်စုဝင် မြိုလူမျိုးအား တွေ့ရစဥ်/ABN-Nyein Khine

အမ်း ရိုးတောင်ပေါ်ရှိ ဆင်ခုံတိုင်ရွာတွင် ဒေသခံချင်းလူမျိုး အများစု အပါအဝင် စုစုပေါင်း ၁၅၀ ခန့်ကို စစ်ကောင်စီက အတင်းအဓမ္မ ခေါ်ယူပြီးစစ်သင်တန်း ပေးနေကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

အမ်း ရိုးတောင်ပေါ်တွင် နေထိုင် လုပ်ကိုင်စားသောက်နေကြသည့် ချင်းလူမျိုးများကို စစ်ကောင်စီက အတင်းဖမ်းယူပြီး စစ်သင်တန်းပေးနေသည်ဟု အမည်မဖော်လိုသူ တစ်ဦးက AB News သို့ပြောသည်။

“မေလ အစောပိုင်းက စပြီး ဆင်ခုံတိုင်ရွာမှာ စစ်သင်တန်းပေးနေပါတယ်။ အဲ့ဒီ သင်တန်းမှဒေသခံချင်းတွေများတယ်။ တောင်ပေါ်မှာ နေထိုင်တဲ့ ချင်းတွေ အများအပြားဟာ အတင်းဖမ်းဆီးခြင်း ခံခဲ့ရတာပါ” ဟု ဆိုသည်။

အမ်းမြို့နယ်တွင် အာရက္ခတပ်တော်နှင့် အကြမ်းဖက် စစ်ကောင်စီအဖွဲ့တို့ကြား စစ်ရေးတင်းမာမှုများရှိနေပြီး အာရက္ခတပ်တော်က ပဒါန်းဂိတ်မှ လမ်းပိတ်ဆို့ထားသည်ဟု သိရသည်။

စစ်သင်တန်းတက်ရန် ခြိမ်းခြောက်ဖမ်းဆီးခြင်းခံရသည့် လင်ယောင်္ကျားဖြစ်သူနှင့် အဆက်အသွယ်မရသဖြင့် လွန်စွာ စိုးရိမ်နေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အမ်းဒေသခံအမျိုးသမီး တစ်ဦးက AB News သို့ ပြောသည်။

“ကျမ ယောင်္ကျားဟာ ဧပြီလထဲမှာ ဖမ်းဆီးခံခဲ့ရတာပါ။ စစ်သင်တန်းပြီးရင် ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခုထိ ပြန်မရောက်သေးပါဘူး။ သူမရှိတော့ ဝင်ငွေလည်း မရှိပါဘူး။ ကလေး ၂ယောက်နဲ့ ကျမဟာ အငတ်ဘေးနဲ့ ကြုံနေရပါပြီ” ဟု ဆိုသည်။ 

အမ်းမြို့ နပခလက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (G.E တပ်)၊ စစ်မြေပြင်အင်ဂျင်နီယာတပ် (B.E တပ်)၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်များကို ပြီးခဲ့သည့် မတ်လ စတုတ္ထအပတ်မှ စ၍ အာရက္ခတပ်တော်(AA)မှ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တပ်စခန်းအချို့ကို သိမ်းပိုက်ထားကြောင်း အာရက္ခတပ်တော်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီသည် အမ်းမြို့ရှိ ၎င်းတို့၏ တပ်စခန်း မကျရှုံးစေရန် လက်နက်ကြီးများနှင့် လေကြောင်း ပစ်ကူများ ပေးလျက်ရှိသည်။

ထို့အပြင် ၎င်းတို့၏ တပ်စခန်းများကို ကာကွယ်ရန်အတွက် ဒေသခံ ချင်းအမျိုးသားများနှင့် ရက္ခိုင်မျိုးနွယ်စုဝင်များကို စစ်မှုထမ်းရန် လက်နက်ပြခြိမ်းခြောက်ပြီး ဖမ်းဆီးမှုများကို ပြုလုပ်လျက်ရှိသည်။

ရက္ခိုင်ပြည်ရှိ စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည့် မြို့များမှ အရပ်သားပြည်သူ ၅၀၀၀ နီးပါးကို စစ်မှုထမ်းရန် ခေါ်ယူခဲ့သည်ဟု ရက္ခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ဆိုသည်။

လက်ရှိတွင် အမ်းမြို့နယ်အတွင်း အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်နေပြီး ရက္ခိုင်တောင်ပိုင်းအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ