ABN-နွယ်စိုး
အောက်တိုဘာ ၂ ရက်
ရခိုင်ပြည် အမ်းမြို့နယ် ရူးစံပြကျေးရွာတွင် ကွာရှင်းပြီးလင်ယောကျ်ား ဖြစ်သူက ဓားဖြင့် ထိုးသတ်ခဲ့သည့် အထက်တန်းပြ ဆရာမ ဒေါ်သန်းသန်းဌေးသည် ဆေးရုံတွင် ဆေးကုသမှု ခံယူပြီးနောက် ကျန်းမာလျက်ရှိနေပြီး နှလုံး၌ ရရှိခဲ့သည့် ဒဏ်ရာကိုမူ ဆေးကုသရန် လတ်တလောတွင် အထူးကုပါရဂူဆရာဝန်ရှိမနေသည့်အတွက် ဆေးကုသရန် တစ်ပတ်ခန့်စောင့်ကြည့်ရမည် ဟု သိရသည်။
အဆိုပါ ဓားထိုးမှုကြောင့် ဆရာမ ဒေါ်သန်းသန်းဌေး၏ ဝမ်းဗိုက်၊ ဆီးခုံ၊ အဆုတ်၊ နှလုံး၊ အထက်ပိုင်းရင်အုံအပါအဝင် ဝမ်းဗိုက်နားတို့တွင် ဒဏ်ရာအများအပြားရရှိခဲ့သည်ဟု သိရသည်။
ဒဏ်ရာရရှိခဲ့သည့် ဆရာမ ဒေါ်သန်းသန်းဌေးကို အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းဆေးရုံတွင် ကုသမှု ခံယူနေရကြောင်း သိရသည်။
ဆရာမ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်လို့ ၄င်းနှင့် နီးစပ်သူတစ်ဦးမှ “ဆီးခုံမှာ ရရှိသွားတဲ့ ဒဏ်ရာနဲ့ အဆုတ် မှာရရှိသွားတဲ့ဒဏ်ရာတွေကို ကုပြီးပါပြီ၊ နှလုံးမှာရရှိသွားတဲ့ ဒဏ်ရာကတော့ အထူးကုပါရဂူဆရာဝန်မရှိသေးလို့ တပတ်လောက်စောင့်ကြည့်ရမယ်” ဟု ပြောသည်။
အဆိုပါဓားထိုးမှုကြောင့် ဆီးခုံ၌ သွေးများခဲသွားသည်ကိုလည်း ကုသပြီးစီးပြီး၊ အအူကိုလည်းထုတ်ပစ်ရကြောင်း ၄င်းက ဆက်ပြောသည်။
“ဆီးခုံမှာ သွေးခဲသွားတာလည်း ကုသပြီးပါပြီ၊ အအူကိုလည်း ထုတ်ပစ်ရတယ်။ နှလုံးကတော့ အထူးကုပါရဂူမရှိလို့ ကုသဖို့ အဆင်မပြေသေးပါဘူး” ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့ ၉နာ ၅၄ မိနစ်က ဆရာမ ဒေါ်သန်းသန်းဌေးသည် ကျောင်းပြရန် စက်ဘီးဖြင့် ကျောင်းသို့သွားစဥ် သူမ၏ ကွာရှင်းပြတ်စဲရန် သဘောတူညီထားပြီးဖြစ်သည့် လင်ယောက်ျားဖြစ်သူ ဦးညီညီဝင်းမှ ဆိုင်ကယ်ဖြင့် လာပြီး ဓားဖြင့် ၈ချက်ခန့် ထိုးသတ်ခဲ့သည်ဟု သိရသည်။
၄င်းတို့ ၂ ဦးသည် ပြီးခဲ့သည့် ၃ ပတ်လောက်က ဝါကျွတ်ပြီးလျှင် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲမည်ဟု နှုတ်ဖြင့် ဆွေးနွေးပြောဆိုထားကြကြောင်း သိရသည်။
အမျိုးသားဖြစ်သူ ဦးညီညီဝင်းသည် အရက်မူးလာလျှင် အမြဲပြဿနာရှာတတ်ပြီး ၄င်း၏ မိန်းမကိုရိုက်နှက်လေ့ရှိကာ ဆရာမသည် သည်းမခံနိုင်တော့သဖြင့် ကွာရှင်းပြတ်စဲရန် နှုတ်ဖြင့် ပြောဆိုထားသည်ဟု သိရသည်။
ဆရာမသည် အမ်းမြို့နယ်၊ သဗြုချိန်ကျေးရွာဇာတိဖြစ်ပြီး ရူးအထကတွင်တာဝန်ကျနေသည်မှာ ၆ နှစ်ရှိပြီးဖြစ်ကြောင်း သိရသည်။
ဆရာမ၏ အမျိုးသားဖြစ်သူဦးညီညီဝင်းကို ၄င်း၏ နေအိမ်၌ ထိုင်နေစဥ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/ AA)က ဖမ်းဆီးသွားကြောင်း ကျေးရွာသားများက ပြောသည်။