Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့နယ်တွင် အထက်တန်းပြ ကျောင်းဆရာမ တစ်ဦးအား လင်ဖြစ်သူမှ ဓါးဖြင့် ထိုးသတ်မှုဖြစ်ပွား

အမ်းမြို့နယ်တွင် အထက်တန်းပြ ကျောင်းဆရာမ တစ်ဦးအား လင်ဖြစ်သူမှ ဓါးဖြင့် ထိုးသတ်မှုဖြစ်ပွား

ABN-နွယ်စိုး

စက်တင်ဘာ ၂၇ ရက်

ရခိုင်ပြည်၊ အမ်းမြို့နယ် ရူးစံပြကျေးရွာတွင် ယနေ့ နံနက်ပိုင်းက အထက်တန်းပြ ကျောင်းဆရာမ တဦးဖြစ်သည့် အသက် ၄၁နှစ်အရွယ် ဒေါ်သန်းသန်းဌေးအား လင်ဖြစ်သူမှ ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ဟု သိရသည်။

ဆရာမ ဒေါ်သန်းသန်းဌေးသည် ယနေ့ နံနက်ပိုင်း ၉ နာရီ ၄၅ မိနစ်ခန့်က ကျောင်းသို့စက်ဘီးဖြင့် သွားချိန် ကွာရှင်းရန် စီစဥ်ထားသည့် သူမ၏ အမျိုးသား ဖြစ်သူက ဆိုင်ကယ်ဖြင့်လာပြီး သုံးမြှောင့်ဓားမြှောင် ဖြင့် ၈ ချက် ထိုးသတ်ခဲ့သည်ဟု ကျေးရွာရှိ နေထိုင်သူ မျက်မြင်သက်သေ တစ်ဦးက ABNသို့ ပြောသည်။

“ဆရာမက ကျောင်းပြဖို့ စက်ဘီးနဲ့သွားတာ ။လမ်းကွေ့တစ်ခုမှာ စက်ဘီးမှောက်ပြီး လဲကျသွားတယ် အဲဒါကို သူမရဲ့ လင်က ဆိုင်ကယ်နဲ့ လာလို့ သုံးမြှေင့်ဓါးနဲ့ ထိုးသတ်ခဲ့တာ။ ဒဏ်ရာကတော့ ၈ ချက်မက ရသွားတယ်” ဟု ပြောသည်။

ဆရာမဒေါ်သန်းသန်းဌေး၏ ရင်အုံအောက်ဘက် နှင့် ဆီးခုံအထက်ပိုင်းများ အပါအဝင် ဓားထိုးဒဏ်ရာအများအပြားရရှိခဲ့ကြောင်း သိရသည်။

ဆရာမ ဒေါ်သန်းသန်းဌေး၏ လင်ယောကျ်ားဖြစ်သူ အမျိုးသားမှာ ဦးညီညီဝင်းဖြစ်ပြီး သူတို့လင်မယားသည် ပြီးခဲ့သည့် ၃ ပတ်လောက်က ဝါကျွတ်ပြီးလျှင် နှစ်ဦးသဘော ကွာရှင်းပြတ်စဲရန် ဆွေးနွေးပြောဆိုထားကြကြောင်း သိရသည်။

ဦးညီညီဝင်းသည် အရက်မူးလာလျှင် အမြဲပြဿနာရှာတတ်ပြီး ၄င်း၏ မိန်းမကိုရိုက်နှက်လေ့ရှိကာ ဆရာမက သည်းမခံနိုင်သဖြင့် ကွာရှင်းရန် နှုတ်ဖြင့် ပြောဆိုထားသည်ဟု သိရသည်။

“သူ့ယောက်ကျားကဆိုးတယ်။ အရက်မှုးလာရင် ရိုက်နှက်တယ်။ ညည့်သန်ခေါင်ယံမှာဆိုလည်း ရိုက်တယ်။ ဆရာမက သည်းခံနေတာ ကြာပါပြီ။ အခုတော့ သည်းခံတာဟာ အတိုင်းအတာ တစ်ခုထိ ရောက်လာတာကြောင့် ကွာရှင်းပြတ်စဲဖို့ စာချုပ်စာတမ်းနှင့် ပြောဆိုထားကြတယ်” ဟု နောက်ထပ် ရွာသားတစ်ဦးက ABNသို့ ပြောကြားသည်။

လက်ရှိမှာ ဆရာမ၏ အမျိုးသားဖြစ်သူ ဦးညီညီဝင်းကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/ AA)က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကျေးရွာသားများက ပြောသည်။

ဒဏ်ရာရရှိသွားသည့် ဆရာမ ဒေါ်သန်းသန်းဌေးကို အမ်းမြို့ရှိ တိုင်းဆေးရုံတွင် ကုသမှု ခံယူနေရကြောင်း ရူးကျေးရွာမှ ကျောင်းဆရာမ တစ်ဦးက ပြောသည်။

ဆရာမသည် အမ်းမြို့နယ်၊ သဗြုချိန်ကျေးရွာဇာတိဖြစ်ပြီး ရူးအထကတွင်တာဝန်ကျနေသည်မှာ ၆ နှစ်ရှိပြီးဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ