Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့တွင် ဆန်နှင့် ဆေးဝါးများ ပြတ်လပ်နေမှုကြောင့် ဒေသခံများ အခက်ကြုံနေရ

AB News – ဧပြီ ၈၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့တွင် ဆန်နှင့် ဆေးဝါးများ ပြတ်လပ်နေမှုကြောင့် ဒေသခံများမှာ အခက်အခဲကြုံနေရကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

စစ်ကောင်စီအဖွဲ့က ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခွင့်တို့ကို ပိတ်ဆို့လိုက်သည့်အတွက် အမ်းမြို့တွင် ဆန်ပြတ်တောက်သွားကာ ပြည်သူများ၏ စားရေး သောက်ရေး ခက်ခဲလာသည့်အပြင် ဆေးဝါးများလည်း ရှားပါးလျက်ရှိကြောင်း သိရသည်။

လက်ရှိ အမ်းမြို့တွင် တိုက်ပွဲများပြင်းထန်လျက်ရှိပြီး စစ်ဘေးရှောင်နေရသည့် ဒေသခံများမှာ စားသောက်၊ နေထိုင်ရေးအတွက် လွန်စွာ အခက်ကြုံနေရသည်ဟု အမ်းမြို့ခံ ၁ ဦးက AB News သို့ ပြောသည်။

တိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ရှောင်နေရတာတွေ ရှိပါတယ်။ သူတို့ဟာ စားသောက်နေထိုင်ရေးနဲ့ အခက်ကြုံနေရပါတယ်။ ကုန်ဈေးနှုန်းတွေကလည်း တအား ဈေးကြီးနေတယ်။ သူတို့မှာ စားသောက်ကုန်တွေ ဝယ်ဖို့ ပိုက်ဆံလည်း မပါကြဘူး။

အမည်မဖော်လိုသည့် အမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။

အမ်းမြို့တွင် အဓိက စားကုန်ဖြစ်သည့် ဆန်ပြတ်လပ်နေပြီး မိသားစု တစ်စုလျှင် ၁ ရက်အတွက် ဆန် ၂ပြည်သာ ဝယ်ယူ၍ ရကြောင်း ပြောသည်။

အမ်းမြို့တွင် ဆန်ရှားပါးသည့်အတွက်ကြောင့် ဆန်ဝယ်ရန် ပြည်သူများ လမ်းမပေါ်တွင် ထိုင်၍ တန်းစီစောင့်နေသည်ကို တွေ့ရစ်

ဆန်လာရောင်းတဲ့ ကားတွေရောက်ရင် အလုအယှက် ဝယ်ယူရတယ်။ တစ်ခါ ဝယ်ရင် မိသားစု ၁စုဟာ ဆန် ၂ ပြည်ပဲ ရတယ်။ တချို့ဆို မရလိုက်ကြဘူး။ ဆန် အပြေးအလွှားဝယ်ကြရင်း ရန်ထဖြစ်တာတွေလည်း ရှိပါတယ်။

၎င်းကဆက်ပြောသည်။

ဆန်ပြတ်တောက်နေမှုကြောင့် ဆန်လာရောင်းသူများမှာအကန့်အသတ်ဖြင့် ရောင်းချနေခြင်းဖြစ်ပြီး ဆန် ၁ ပြည်ကို ၄ထောင်ကျပ်နှုန်းရှိကြောင်း သိရသည်။

အမ်းမြို့တွင် စစ်ကောင်စီအဖွဲ့နှင့်ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲ ပြင်းထန်လာပြီးနောက် ဆန်ရှားပါးလာ၍ ပြည်သူများ ဆန်ဝယ်ယူရန် ဆိုင်ရှေ့တွင် တန်းစီစောင့်ဆိုင်းနေကြသည်ကို တွေ့ရစဥ်/ABN/CJ

ထို့အပြင် အမ်းမြို့ရှိ ဆေးဆိုင်များမှာ ဆက်လက်ဖွင့်ထားဆဲဖြစ်သော်လည်း ဆေးဆိုင်အချို့တွင်ကား ဆေးဝါးများ ပြတ်တောက်လျက်ရှိနေသည်။

မတ်လအတွင်း အမ်းမြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် အမ်းမြို့ အဝင်အထွက်လမ်းများကို ပိတ်ဆို့ထားကြောင်း သိရသည်။

ထို့အပြင် အမ်း-ပဒါန်း ကားလမ်းအား အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဧပြီလ ၂ရက်နေ့တွင် ရက္ခိုင့်တပ်တော်က အရေးပေါ်ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့မှ စ၍ အမ်း နှင့် မကွေးတိုင်းအကြားတွင် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ဧပြီလ ၂ရက်နေ့က AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ