Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပြစ်မဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်ညိုအေးအား ပြန်လွှတ်ပေးရန် ယနေ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့တွင် ဒေါ်ညိုအေး၏သမီး တောင်းဆို

အပြစ်မဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်ညိုအေးအား ပြန်လွှတ်ပေးရန် ယနေ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့တွင် ဒေါ်ညိုအေး၏သမီး တောင်းဆို

AB News – မတ်လ ၈၊ ၂၀၂၄

၂၀၂၃ခုနှစ်၊ သြဂုတ်လ ၁၅ရက်နေ့ မွန်းလွှဲ ၁၂နာရီခန့်အချိန်တွင် အပြစ်မဲ့ ဖမ်းဆီးခံခဲ့ရသည့် ရက္ခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌဒေါ်ညိုအေးအပါအဝင် အခြားအမျိုးသမီး၊ အမျိုးသားများကို ယနေ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့တွင် ပြန်လွှတ်ပေးရန် အစိုးရကို တောင်းဆိုကြောင်း  ဒေါ်ညိုအေး၏ သမီးဖြစ်သူ ဒေါ်စောမြသန္တာ က AB News သို့ပြောကြားသည်။

၅၆နှစ်မြောက် သြဂတ် ၁၃ ဆန်ပြဿနာနေ့ကို စစ်တွေမြို့တွင် ကျောင်းသားသမဂ္ဂမှ ဦးဆောင်ကာ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုအခမ်းအနားသို့ ရက္ခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေး တက်ရောက်ပါဝင်ခဲ့သည်။

ထို့ကြောင့် ရက္ခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌဒေါ်ညိုအေးကို ၂၀၂၃ခုနှစ်၊ သြဂုတ်လ ၁၅ရက်နေ့ မွန်းလွှဲ ၁၂နာရီခန့်အချိန်တွင် စစ်တွေမြို့၊ အမှတ် ၁ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက်ကာ ဖမ်းဆီးခဲ့သည်။

ဒေါ်ညိုအေး ဖမ်းဆီးခံရခြင်းသည် စစ်တွေမြို့တွင် သြဂတ် ၁၃ ဆန်ပြဿနာနေ့အခမ်းအနားတွင် တက်ရောက်ပါဝင်ခဲ့၍ ဖမ်းဆီးခံ​ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းမှာ အာဏာရှင်ကို ကာကွယ်ရန် သီးသန့်ရေးဆွဲ ပြဌာန်းထားသည့် နိုင်ငံတော်ကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီက တရားလိုလုပ် ဖမ်းဆီး တရားစွဲဆိုထားခြင်းဖြစ်သည်။

မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံရသည့်  ရက္ခိုင်အမျိုးသမီး၊ အမျိုးသားများကို ယနေ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့တွင် ပြန်လွှတ်ပေးရန် ဒေါ်ညိုအေး၏ သမီးဖြစ်သူ စောမြသန္တာက တောင်းဆိုကြောင်း ပြောသည်။

“ရက္ခိုင်ပြည်အတွင်းမှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကျမ မိခင်အပါအဝင် အမျိုးသမီးတွေကို လွတ်မြောက်စေချင်ပါတယ်” ဟု ဆိုသည်။

“အပြစ်မရှိဘဲ မတရားပုဒ်မတပ်ကာ ထိန်းသိမ်းချုပ်နှောင်ထားခြင်းဟာ လူ့အခွင့်အရေးချိုးဖောက်ရာရောက်ပြီး မတရားဖမ်းဆီးချုပ်နှောင်မှုကို ရပ်တန့်ပေးဖို့ ယနေ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ တောင်းဆိုပါတယ်” ဟု ဆက်ပြောသည်။

သူမ၏ မိခင် ဒေါ်ညိုအေးသည် အသက်အရွယ်ကြီးရင့်နေပြီသည့်အတွက် ဆေးကုသခွင့်ပြုပါရန် ထပ်မံ တောင်းဆိုပါကြောင်းလည်း ပြောသည်။

“ကျမရဲ့ အမေဟာ အသက်အရွယ်ကြီးရင့်နေပြီး ဖြစ်တဲ့အပြင် နာတာရှည်ရောဂါခံစားနေတာကို ထောက်ရှုသောအားဖြင့် အပြင်မှာ ဆေးကုသခွင့်ပြုရန် ထပ်မံတောင်းဆိုပါတယ်” ဟုလည်းပြောသည်။

 အသက် ၆၉နှစ်အရွယ် ရက္ခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးသည် နာတာရှည်သွေးတိုးရောဂါအခံရှိသူဖြစ်ပြီး ထောင်အတွင်း၌ မကြာခဏ သွေးတိုးရောဂါကို ခံစားနေရသည်ဟု သိရသည်။

ယခင်ကလည်း တရားရုံးထုတ်ချိန်တွင် သွေးတိုးရောဂါတက်ပြီး မူးလဲသည်အထိ ဖြစ်ခဲ့သော်လည်း အပြင်ဆေးရုံတွင် ဆေးကုသခွင့် မပေးခဲ့ပေ။

ရက္ခိုင်တွင် ယခုဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ပွဲအတွင်း အပြစ်မဲ့ပြည်သူများကို ဓားစာခံမပြုလုပ်ရန်၊ အမျိုးသမီးများနှင့် ကလေးငယ်များကို လူသားဒိုင်းကာအဖြစ် မဖမ်းဆီးကြရန်တောင်းဆိုခဲ့ပြီး တိုက်ပွဲကာလအတွင်း အမျိုးသမီးများသည် အသုံးချခံ လိင်ကျွန်များမဟုတ်ကြောင်း အများသိအောင် တိုက်တွန်းပြောဆိုခဲ့သည်။

“ခုလိုတိုက်ပွဲကာလမှာ ပြည်သူလူထုကို ဓားစာခံမလုပ်ဖို့၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို တိုက်ပွဲကြားမှာ ဓားစာခံအဖြစ် အသုံးမချဖို့ ပြောချင်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေကို တိုက်ပွဲကာလမှာ လိင်ကျွန်အဖြစ် အသုံးမချဖို့၊ အမျိုးသမီးတွေဟာ အသုံးချခံမဟုတ်ကြောင်းကို အများသိအောင် တိုက်တွန်းပြောဆိုချင်ပါတယ်” ဟု ဒေါ်ညိုအေး၏ သမီးဖြစ်သူ ဒေါ်စောမြသန္တာက ပြောသည်။

ဒေါ်စောမြသန္တာမှာ မိခင်ဖြစ်သူ ဒေါ်ညိုအေး ဖမ်းဆီး ထိန်းသိမ်းခံထားရစဥ်အတွင်း ကျန်းမာရေးနှင့် တခြားလိုအပ်သည့် ပစ္စည်းများကို အနီးကပ် လုပ်ပေးနေသူ ဖြစ်သည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ