ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဂျိတ္တောမှ ရခိုင့်အားမာန်ကားဂိတ်ပိုင်ရှင် တစ်ဦးကို ယနေ့ အောက်တိုဘာ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူမှာ ကိုဆန်းကို ဂျိတ္တောမှ ရခိုင့်အားမာန်ကားဂိတ်ပိုင်ရှင်ဖြစ်ပြီး သူသည် ၎င်း၏နေအိမ်ရှိသည့် ဆပ်လှိုင်မျှော်ရွာတွင် ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း နီးစပ်သူ တစ်ဦးကပြောသည်။
“ကိုဆန်းကို ကို သံတွဲမြို့နယ် ဆပ်လှိုင်မျှော်ရွာက သူ့အိမ်ကို စစ်သား (စစ်ကောင်စီ)၂၀ လောက် လာပြီး ဖမ်းသွားကြတာဖြစ်တယ်၊ အချိန်က ၁၂ နာရီလောက်မှာဖြစ်မယ်” ဟုဆိုသည်။
ရခိုင့်အားမာန်ကားဂိတ်ပိုင်ရှင် ကိုဆန်းကို ကို ခလရ ၅၅ တပ်မှဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကိုမူ မသိရသေးကြောင်း ပြောသည်။
ရခိုင်ပြည်တွင် စစ်ကောင်စီတပ်သည် အရပ်သား ပြည်သူများအား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးနေပြီး ဖမ်းဆီခံရသူအများစုမှာလည်း မိသားစုနဲ့ပင် အဆက်အသွယ်မရဘဲ ဖြစ်နေကြရသည်။