Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲမြို့တွင် ဘောလုံးကွင်းမှအပြန် ကျောင်းသူ၊ ကျောင်းသား ၅၀ ကျော် မူးလဲ၍ သတိမရဖြစ်သောကြောင့် ဆေးရုံတင်ထားရ

(စစ်ကောင်စီက သတင်းမီဒီယာများသို့ သတင်းမပေးရန် ကျောင်းသား မိဘများအား တားမြစ်ထား)

ABN-ရှိုင်းမိုး

စက်တင်ဘာ ၂ရက်

ရခိုင်ပြည် သံတွဲမြို့မ ဘောလုံးကွင်းမှအပြန် ကားပေါ်၌ ကျောင်းသူ၊ ကျောင်းသား ၅၀ ကျော်သည် မူးလဲ၍ သတိမရဖြစ်သောကြောင့် ဆေးရုံးတင်ထားရသည်ဟုသိရှိရသည်။

ထိုသတင်းနဲ့ပတ်သက်၍ စစ်ကောင်စီမှ ကျောင်းသားမိဘများအား သတင်းမီဒီယာများသို့ သတင်းမပေးရဟု ခံဝန်လက်မှတ်ရေးထိုးခိုင်းထားသည်ဟုသိရသည်။

စက်တင်ဘာလ ၁ရက်နေ့ ညနေ ၆ နာရီခန့်က သံတွဲမြို့မဘောလုံးကွင်းမှ ဘောလုံးပွဲကြည့်ပြီး အပြန်လမ်းတွင် သံတွဲမြို့နယ် ကင်းမော်ရွာ​ အထက်တန်းကျောင်းမှ ကျောင်းသူအများစုသည် ကားပေါ်၌ စတင်မူးလဲ၍ ဆေးရုံတင်ရသည်ဟု ရွှေကျောင်းပြင်ရွာ မှဒေသခံတစ်ဦးကပြောသည်။

ထို ကျောင်းသူ၊ ကျောင်းသားများစီးနင်းလာသော ၆ဘီကားသည် သံတွဲမြို့နယ် ရွှေကျောင်းပြင်ရွာမှ သံတွဲမြို့ဆေးရုံသို့ ပြန်လည်သွားခဲ့ရကြောင်း ဆက်ပြောသည်။

“ကင်းမော်ရွာအထက်တန်းကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေပဲဖြစ်တာ၊ သူတို့က ကား ၂စီးနဲ့ ပြန်လာကြတယ်၊ ၆ဘီး ၁ စီးနှင့် တေဘာ ၁စီး၊ ဒါပေမယ့် ၆ဘီးကားပေါ်က သူတွေများတယ်၊ အခုဆေးရုံတင်ထားပါတယ်၊ အခုကိစ္စကို မီဒီယာသို့ သတင်းမပို့ပေးရဘူးဆိုပြီး တားမြစ်ခံထားရတယ်လို့လည်း ကြားပါတယ်၊ ဒါကဘယ်လို့ဖြစ်တာလဲ၊ စစ်ကောင်စီကဒီအကြောင်းနဲ့ဘယ်လောက်ထိဆက်စပ်နေလဲ” ဟုဆိုသည်။

အချို့ကျောင်းသူများမှာ အိမ်ကိုရောက်ပြီး ထမင်းစား၊ ရေချိုးပြီး ညအိပ်နေချိန် ညည့် ၁၂နာရီအချိန်တွင်လည်း မူးလဲပြီး သတိမေ့သွားကြသူများရှိကြောင်း သိရသည်။

ကျောင်းသူအချို့မှာ သတိမေ့သွား၍ အောက်ဆီဂျင်တပ်ဆင်ထားရသည်ဟု သံတွဲဒေသခံတစ်ဦးက ABNသို့ပြောသည်။

“မနေ့က ကားပေါ်မှာ စဖြစ်တာပါ၊ ပထမတော့ မူးလဲကြတယ်၊ ၁ ယောက်မဟုတ်ဘူး၊ ၁၀ ကျော်လောက်စဖြစ်တယ်၊ ကားတောင်မှ သံတွဲဆေးရုံကိုပဲ ဦးတည်မောင်းခဲ့ရတယ်၊ တချို့ကျောင်းသူတွေဆိုရင် အောင်ဆီဂျင်ပေးထားရတယ်၊ ဘယ်လို့ဖြစ်တာလဲဆိုတာကို ခုထိသေသေချာချာမသိရသေးဘူး၊ လူတွေကတော့ အမျိုးမျိုးဝေဖန်နေကြတယ်” ဟုဆိုသည်။

ဆရာဝန်မှ ကျောင်းသူ၊ ကျောင်းသားများဖြစ်သည့်ပုံက အားနည်းလို့ဖြစ်ခြင်းဟုပြောပြီး လူတိုင်းကို အိပ်ဆေးပေးသည်ဟု သိရှိရသည်။

ကျောင်းသူများသည် မူးလဲပြီး ခြေထောက်နဲ့ လက်များက ကြွက်တက်သည့်ပုံဖြစ်ကြသည်ဟုသိရသည်။ ထိုပုံစံလက္ခဏာသည် မူးလဲပြီးမကြာ ကျောင်းသူ၊ကျောင်းသားများအားလုံးဖြစ်ကြသည်ဟု သိရှိရသည်။

ထိုသို့ အုပ်စုလိုက် မူးလဲခြင်း သတိမေ့သွားခြင်းမှာ ကားပေါ်တွင် ဆေးဖြန်းထားခြင်းလည်း ဖြစ်နိုင်ကြောင်းနှင့် ရိုးရိုးသာမန်မဟုတ်ဟု ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။

သံတွဲဒေသခံတစ်ဦးက” ကားပေါ်မှာ ဆေးတခုခုဖြန်းထားတယ်ထင်တယ်၊ မဟုတ်ရင် ဘယ်လို့ဖြစ်နိုင်မှာလဲ၊ ဒါက ရိုးရိုးသာမန်မဟုတ်ဘူး၊ တခုခုရှိနိုင်တယ်၊ ဆေးရုံကို ဝင်ခွင့်ပိတ်ထားတာက ဘာကြောင့်လဲ၊ စစ်ကောင်စီတပ်သားတွေ ဘာလုပ်လာကြပြန်ပြီးလဲ၊ သေချာတယ် ဒီကိစ္စက တခုခုရှိမယ်” ဟုဆိုသည်။

စက်တင်ဘာလ ၁ရက်နေ့ ညအချိန်က စစ်ကောင်စီမှ သံတွဲ​ဆေးရုံတွင် လုံခြုံရေးများတင်းကျပ်စွာပေးထားပြီး လူနာမိဘများကလွဲ၍ ဝင်ခွင့် မပေးခဲ့ဟု သိရသည်။

နေကောင်းပြီးဆေးရုံမှ အိမ်ပြန်ရောက်လာသည့် ကျောင်းသူများမှာလည်း မူးမေ့၍ ဆေးရုံသို့ပြန်တင်ပေးရသည်ဟုသိရှိရသည်။

စက်တင်ဘာလ ၂ရက်နေ့က ဘောလုံး ၄သင်းကန်ကြပြီး ပွဲအပြီးတွင် ကင်းမော်ရွာက ဘောလုံးပွဲကြည့် ပရိသတ်များသာဖြစ်ခဲ့ကြောင်းရသည်။

အခုဖြစ်နေသည့်ကိစ္စက သံတွဲမြို့တွင် နာမည်ကြီးနေသော်လည်း ရခိုင်မီဒီယာသတင်းဌာနများတွင် ဖော်ပြခြင်းမရှိသည့်အတွက် စစ်ကောင်စီ၏ ဖိအားပေးမှုမှာ ခုချိန်အထိမလွတ်သေးဟု ထင်မိ​ကြောင်းအမည်မဖော်လူသူ သံတွဲ ဒေသခံ နောက်တစ်ဦးက ထပ်ပြောသည်။

ထိုဘောလုံးပွဲသည် စစ်ကောင်စီမှ ပြုလုပ်ကျင်းပ ပေးသောပွဲဖြစ်ပြီး သံတွဲမြို့တွင် အစည်းကားဆုံးဘောလုံးပွဲဖြစ်ကြောင်း စစ်ကောင်စီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ