Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲတွင် ကျေးရွာအချို့သို့ စစ်ကောင်စီရေတပ်နေဗီက  လက်နက်ကြီးဖြင့် ပစ်ခတ်

ရက္ခိုင်ပြည်၊ သံတွဲ မြို့နယ်တွင် ခမောင်းတုန်းရွာနှင့် ဆင်ခေါင်းရွာအကြား ကျောက်ချရပ်နားထားသည့် စစ်ကောင်စီရေတပ်နေဗီက ယနေ့ ဧပြီလ ၉ရက်၊ နံနက် ၈နာရီ၊ ၄၀ မိနစ်ခန့်အချိန်တွင် ကျေးရွာအချို့သို့ လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

လက်နက်ကြီးကျည်များမှာ ငန်းကျွန်း၊ ကျောက်ဆိပ်၊ တောင်ညိုကျေးရွာများ၏ အနီးပတ်ဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံးစမ်းသိရှိရသည်။

ယနေ့ နံနက် ၈နာရီ၊ ၄၀ မိနစ်ခန့်အချိန်ခန့်က သံတွဲမြို့နယ်တွင် စစ်ကောင်စီရေတပ်နေဗီက ပစ်ခတ်သည့်လက်နက်ကြီးကျည်များမှာ ကျေးရွာ ၃ရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း တောင်ညိုကျေးရွာသား ၁ဦးက AB News သို့ ပြောသည်။

ဒီနေ့ မနက် ၉နာရီဝန်းကျင်မှာ ကျနော်တို့ တောင်ညိုရွာအနီးမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တယ်။ အနားမှာ ပေါက်ကွဲတယ်လို့တောင် ထင်ရတယ်။ ကလေးသူငယ်တွေ နှလုံးရပ်လားနိုင်တယ်။ ငန်းကျွန်းနဲ့ ကျောက်ဆိပ်အနီးမှာလည်း ကျရောက်ပေါက်ကွဲခဲ့တယ်။ ဟု

ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ နေဗီသည် ဧပြီလဆန်းပိုင်းက စ၍ ယနေ့အချိန်ထိ နေ့စဉ်ရက်ဆက် ပစ်ခတ်နေကြောင်း သိရသည်။

ယမန်နေ့တွင် သံတွဲမြို့သို့ စစ်ကောင်စီအဖွဲ့၏ ရက္ခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရောက်နေသည့်အတွက် မြို့အတွင်း လုံခြုံတင်းကျပ်ထားကြောင်း မြို့ခံ ၁ဦးက ပြောဆိုသည်။

မနေ့က မြို့ထဲ နေရာတိုင်းလိုလိုမှာ လုံခြုံရေးတိုးမြင့် ချထားတယ်။ ဝန်ကြီးချုပ် ရောက်နေတယ်လို့ သိရတယ်။ ဟု

အမျိုးသမီးတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၇ရက်နေ့တွင် ခမောင်းတုန်းရွာအနီးရှိ မြစ်ကြောင်း၌ ကျောက်ချရပ်နားထားသည့် စစ်ကောင်စီရေတပ်နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်ရှိ မုတ်ရွာ၊ တပျော့ရွာ နှင့်တဲမောက်ရွာအနီးရှိ တောင်တန်းများတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါနေ့၌ပင် သံတွဲစျေးမှ စျေးဝယ်ပြီး ပြန်လာသည့် ဘောက်တောင်ရွာမှ အသက် ၂၉ နှစ်အရွယ် မမေသဇင် အား တံတားဦးမီးပွိုင့်အရောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

#ABN# သံတွဲ # စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ခတ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ