Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သင်္ကြန်ကာလအတွင်း ငပလီကမ်းခြေကို လာရောက်လည်ပတ်သူများပြားသဖြင့် လေယာဥ်အကြိမ်ရေ ၁၀၅ ကြိမ်အထိ ပျံသန်းပြေးဆွဲခဲ့ရ

သင်္ကြန်ကာလအတွင်း ငပလီကမ်းခြေကို လာရောက်လည်ပတ်သူများပြားသဖြင့် လေယာဥ်အကြိမ်ရေ ၁၀၅ ကြိမ်အထိ ပျံသန်းပြေးဆွဲခဲ့ရ

ABN-ရာဟု

ရခိုင်တွင် သင်္ကြန်ကာလအတွင်း ငပလီကမ်းခြေကို လာရောက်လည်ပတ်သူ များပြားသဖြင့် ပြည်တွင်းလေကြောင်းလှိုင်းမှ လေယာဥ်အကြိမ်ရေ ၁၀၅ကြိမ်အထိ ပျံသန်းပြေးဆွဲခဲ့ရသည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ငပလီကမ်းခြေတည်ရှိရာ သံတွဲလေဆိပ်ကို လေယာဥ်ဖြင့် ပြည်တွင်းခရီးသည် ၅၁၉၀ဦး၊ နိုင်ငံခြား ခရီးသည် ၁၇၂ဦး စုစုပေါင်း ၅၃၆၂ဦး တို့ သင်္ကြန်ကာလတွင် ဝင်ရောက်ခဲ့သည်ဟု သိရသည်။ သံတွဲလေဆိပ်သို့ ခရီးသည်အများဆုံးဝင်ရောက်သည့်နေ့မှာ ဧပြီ ၁၃ရက်နေ့ဖြစ်ပြီး စုစုပေါင်း လေယာဥ်အကြိမ်ရေ ၁၇ ကြိမ်အထိ ပျံသန်းပြေးဆွဲခဲ့ရသည်ဟုသိရသည်။

ပြည်တွင်းပြည်ပခရီးသွားများမှာ ကုန်းလမ်းရေလမ်းများမှလည်းလာရောက်လည်ပတ်သူ များပြားသဖြင့် ယခုနှစ်တွင် ငပလီကမ်းခြေကို လာရောက်လည်ပတ်သူ တစ်သိန်းခွဲခန့် ဝင်ရောက်ခဲ့သည်ဟု သိရသည်။

ဟိုတယ် ၅၈လုံးတွင်လည်း ခရီးသည်များပြည့်လျှက်ရှိနေခဲ့ပြီး ပြည်တွင်ခရီးသည် ၂၈၀၀၂ဦးနှင့် နိုင်ငံခြားသား ၈၀၃ဦး စုစုပေါင်း ၂၈၈၀၃ ဦး လာရောက်တည်းခိုခဲ့သည်ဟု သိရသည်။

ခရီးသည်များမှာ ဟိုတယ်၊ မိုတယ်များ၊ ဘန်ကလိုများအပြင် တခြားအဆောင်နေအိမ်များနှင့် ဘုန်းကြီးကျောင်းများတွင်လည်း ခရီးသွားများဖြင့် စည်ကားခဲ့သည်ဟု ငပလီ ဒေသခံတစ်ဦးက ပြောသည်။

“ဒီနှစ်က သင်္ကြန်နဲ့ ခရီးသွားတွေတအားလာရောက်လည်ပတ်ကြတာ ၊ နေရာတိုင်းမှာအပြည့်ပဲ၊ ရောင်းချရတာလည်းကောင်းတယ်၊ လူ ၁သိန်းကျော်လောက်ဖြစ်မယ်” ဟု ငပလီတွင် လက်ဆောင်အရုပ်များရောင်ချသူ ကိုမြတ်ထူးက ABNကိုပြောသည်။

ယခုနှစ်သင်္ကြန်ကာလတွင် ငပလီမှာခရီးသွားတစ်သိန်းကျော် လာရောက်လည်ပတ်သည်သာမက ရက္ခိုင့်တပ်တော်က ကျင်းပပြုလုပ်သည့် ဇီးချောင်းသင်္ကြန်နှင့် လေးမြို့သင်္ကြန်တို့တွင်လည်း မြန်မာပြည် အနယ်နယ်အရပ်ရပ်က ခရီးသွားများ လာရောက်လည်ပတ်ခဲ့ကာ လူကြိတ်ကြိတ်တိုးစည်ကားခဲ့သည်ကိုတွေ့ရသည်။

ဓာတ်ပုံ-သင်္ကြန်အတွင်း ငပလီကို လာရောက်လည်ပတ်သူများအားတွေ့ရစဥ်/ဦးသောင်းထွန်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ