
AB News – မတ်လ ၇၊ ၂၀၂၄
ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျေးရွာများမှ ရွာသားများကို စစ်မှုထမ်းဆောင်ရန် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ အတင်းအဓမ္မ လူတောင်းခံနေကြောင်း AB News မှ စုံစမ်းသိရှိသည်။
အကြမ်းဖက်စစ်ကောင်စီသည် သံတွဲမြို့နယ်ရှိ ကျေးရွာတိုင်းမှ တပ်သားသစ်တောင်းခံလျက်ရှိနေပြီး ရွာကြီးလျှင် ၁၀ယောက်၊ ရွာငယ်လျှင် ၅ယောက် မဖြစ်မနေပေးရမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးများအား မှာကြားထားကြောင်း သိရှိသည်။
သံတွဲမြို့တွင် မြို့ပေါ်ရပ်ကွက် ၇ခုနှင့် ကျေးရွာအုပ်စုပေါင်း ၆၃ရွာ ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ဖော်ပြချက်အရ လူဦးရေ ၁၃၃၄၈၄ဦးခန့်ရှိခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အသက် ၁၈နှစ်မှ ၃၀နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈နှစ်မှ ၂၇နှစ်ကြား အမျိုးသမီးများသာ စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သော်လည်း သံတွဲမြို့တွင်ကား အသက်အကန့်အသတ်မရှိ တပ်သားသစ်များ တောင်းခံလျက်ရှိကြောင်း ဒေသခံရွာသားများ ပြောပြချက်အရ သိရသည်။
စစ်မှုထမ်းရန် သံတွဲမြို့နယ်၊ ကျေးရွာများမှ ရွာသားများအား အတင်းအဓမ္မ ခြိမ်းခြောက်ကာ တောင်းခံနေ၍ ရွာသူ ရွာသားများမှာ ကြောက်လန့်နေကြကြောင်း ဒေသခံ ၁ဦးက ပြောသည်။
“ရပ်ရွာအုပ်ချုပ်ရေးမှူးတွေ ဆီက တပ်သားသစ်တောင်းနေတယ်။ ရွာကြီးရင် ၁၀ယောက်၊ ရွာငယ်ရင် ၅ယောက် ပေးရမယ်လို့ ပြောတယ်။ ဒီက လူတွေက ပြည်သူတွေကို အကြမ်းဖက်နေတဲ့ စစ်ကောင်စီထံ ဘယ်သူကမှ မဝင်ချင်ကြဘူး။ ရွာထဲကို ဝင်ပြီး လာဖမ်းမှာကို ပြည်သူတွေ စိုးရိမ်နေကြတယ်” ဟု ဆိုသည်။
ထို့အပြင် စစ်မှုထမ်းဆောင်မည့်သူများအား ကျေးရွာများမှ ၁အိမ်လျှင် ၅၀၀၀ကျပ်နှုန်းကောက်ခံကာ ပေးဆောင်ရမည်ဟု စစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှူးများကို ပြောထားသည်ဟု ဆိုသည်။
စစ်မှုထမ်းဥပဒေ အသက်သွင်းပြဌာန်းခဲ့သည့် ၁ လအတွင်း စစ်ကောင်စီက လုပ်ငန်းစဉ်အဆင့်ဆင့် ဆက်တိုက် ဆောင်ရွက်နေပြီး ပြီးခဲ့သည် မတ်လ ၅ရက်နေ့ နေပြည်တော်အစည်းအဝေး၌ သတ်မှတ်ထားသည့်အချိန်အတွင် လုပ်ဆောင်ရန် စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက သတိပေးခဲ့သည်။
မြန်မာနိုင်ငံအတွင်း စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်း ရှိပြီး အပတ်စဉ်တစ်ခုလျှင် ၅၀၀၀ နှုန်းဖြင့် ခေါ်ယူမည်ဖြစ်ပြီး အမျိုးသားများကို ဦးစားပေးခေါ်မည်ဟု စစ်ကောင်စီက ကြေညာထားသည်ကို တွေ့ရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ရက်နှင့် ၂၉ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် ကျောက်ဖြူမြို့၊ ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ မူဆလင်အမျိုးသား ၁၁၇ဦးအား စစ်မှုထမ်းဆောင်ရန် ခမရ ၅၄၂ တပ်ရင်းသို့ အတင်းအဓမ္မဖမ်းဆီးသွားခဲ့သည်။
ထို့အပြင် စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက် ရန်ကုန်၊ မန္တလေး၊ ရက္ခိုင်စသည့် ဒေသများတွင် လူငယ်များ ပျောက်ဆုံးနေသည်ကို တွေ့လာရသည်။
Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL