
AB News -သြဂုတ် ၂၂၊ ၂၀၂၅
နွယ်စိုး
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ နှင့် ရသေ့တောင်မြို့အတွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂) ခုမှ ကြေးကြိုးများ ခိုးယူသူ ၁၃ ဦးနှင့် ခိုးရာပါပစ္စည်း လက်ခံသူ ၅ ဦးတို့အား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ DELPS အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ အလေးချိန် (၄၉) ပိဿာရှိ ကြေးကြိုးများ အပါအဝင် ကြေးကြိုးခွေ (၆) ခွေအား လူ ၆ ဦးက အိတ်များဖြင့် ခိုးယူခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။
ကြေးကြိုး ခိုးယူသူများမှာ ဦးမောင်ရွှေ၊ အေးမင်းစိုး၊ ညီညီထွေး၊ ခင်မောင်ထွီး၊ မောင်ခင်သန်း၊ ဖိုးချစ်ဦး တို့ ဖြစ်ကြကြောင်း သိရသည်။
“သူတို့က အဖွဲ့လိုက်ခိုးနေကြတာ။ တစ်ကြိမ်တည်းမဟုတ်ပဲ အကြိမ်ကြိမ် သွားခိုးတာ အံ့ဩစရာကောင်းတယ်။ မြို့ထဲမှာ လူမနေတော့ ခိုးချင်သလို ခိုးနေကြတယ်။ အဲ့ဒီလိုမျိုး ပစ္စည်းတွေကို ခိုးတာ မကောင်းပါဘူး” ဟု ဆိုသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ကြေးကြိုးခိုးယူသူ ၇ ဦးကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ DELPS အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ခိုးတယ်ဆိုကတည်းက ဆင်းရဲလို့ခိုးတာပေါ့။ ဒါပေမဲ့ ဒီလိုမျိုး လျှပ်စစ်ဓာတ်အားပေးတဲ့ စက်ရုံတွေက လျှပ်စစ်ဖြန့်ဖြူးပေးရာမှာ သုံးတဲ့ ကြေးကြိုးတွေကို လိုက်ခိုးတာ မကောင်းဘူး။ ဒီကိစ္စကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရင် ပိုကောင်းတယ်” ဟု ဆိုသည်။
အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ကြေးကြိုးခိုးယူသူများမှာ ကိုကိုဆန်း၊ သန်းရွှေမောင်၊ ကျော်ဆန်းနိုင်၊ ကျော်သန်းဝင်း၊ မောင်မောင်နိုင်၊ မောင်ဟန်သိန်း နှင့် ခင်သန်းမောင် တို့ ဖြစ်ကြသည်။
ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင် အသုံးပြုသည့် ဓာတ်အားပို့လွှတ်ရေးလိုင်းများကို ဖျက်ဆီး၍ ကြေးကြိုးများအား ခိုးယူရောင်းချနေခြင်းနှင့် ပတ်သက်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ DELPS မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။