Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်နယ်မှ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရမှုတွင် ထွက်ပြေး လွတ်မြောက်နေသည့် အဓိကတရားခံကို ပြန်လည်ဖမ်းဆီးရမိ

ရသေ့တောင်နယ်မှ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရမှုတွင် ထွက်ပြေး လွတ်မြောက်နေသည့် အဓိကတရားခံကို ပြန်လည်ဖမ်းဆီးရမိ

AB News-ဟိန်းထွန်း

စက်တင်ဘာ – ၂၆ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စာပြရန်သွားခဲ့သည့်လမ်း၌ ဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရမှုတွင် ထွက်ပြေးလွတ်မြောက်နေသည့် အဓိကတရားခံကို ယနေ့တွင်ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း မိသားစုဝင်များကအတည်ပြုပြောသည်။

ထွက်ပြေးလွတ်မြောက်နေသည့် သံသယတရားခံမှာ တစ်ရွာတည်းဖြစ်သော အဖ ဦးကြိုင်လှအောင်၏သား အသက် ၄၁ နှစ်အရွယ် ဦးမောင်မောင်အေး ဖြစ်သည်။

၎င်းကို ယနေ့မွန်းလွဲပိုင်း ၂ နာရီခွဲခန့်အချိန်တွင် ၎င်း၏အစ်မနေအိမ်မှ ဖမ်းဆီးနိုင်ခဲ့ပြီး ဌာနအဆင့်ဆင့်သို့ ပို့ဆောင်နေကြောင်း မိသားစုဝင်တစ်ဦးက ABN သို့အတည်ပြုပြောသည်။

“၂ နာရီခွဲလောက်မှာပါ ၊ သူ့အစ်မရဲ့နေအိမ်ကနေပြီး ရဲဘော်တွေ သွားရောက်ဖမ်းဆီးနိုင်ခဲ့တာပါ၊ ပြီးတော့ ဌာနတွေကို အဆင့်ဆင့်ပို့ဆောင်လိုက်တယ်” ဟု ဆိုသည်။

သံသယတရားခံကို ပန်းဖော်ပြင်ရုံးသို့ အရင်ပို့ဆောင်ခဲ့ပြီး ၎င်းမှတဆင့် စေတီပြင်ရုံးသို့ ယူသွား၍ စစ်ဒေသများသို့ပို့ဆောင်လိုက်ကြောင်းသိရသည်။

ရွာသားများနှင့် တာဝန်ရှိသူများက ၎င်း၏အစ်မဖြစ်သူ နုနုအေးအိမ်မှ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့သည့်အပြင် တစ်ရွာလုံးဆူညံနေကြောင်းသိရသည်။

စစ်ဆေးနေစဥ်ကာလအတွင်း မောင်မောင်အေးသည် စက်တင်ဘာလ ၁၉ ရက်နေ့ ညဥ့် ၉ နာ ရီခွဲတွင် ထွက်ပြေးလွတ်မြောက်သွားကြောင်း ULA/AA ၏ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ABN သို့အတည်ပြုပြောထားသည်။

အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ်သည် စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်း ၉ နာရီခွဲတွင် သူမ၏နေအိမ်ကနေပြီး တာဝန်ကျရာဖြစ်သည့် ပန်းဖော်ပြင်ကျောင်းသို့ သွားရာလမ်းတွင် အမည်မသိလူတစ်စုမှ အတင်းအဓမ္မ မဒိန်းကျင့် လည်လှီးသတ်ဖြတ်မှုကိုခံခဲ့ရသည်။

လက်ရှိတွင်လည်း အဓိက သံသယရှိသူ ၂ ယောက်၊ ဆက်စပ်သံသယရှိသူ ၁ ယောက်၊ ဆရာမနှင်းယုနွယ် အသတ်ခံထားရ၍ သေဆုံးနေသော အလောင်းကိုမျက်မြင်စတင်တွေရှိသူ သက်သေ ၆ ယောက်ကို မေးမြန်းစစ်ဆေးနေကြောင်းသိရသည်။

ရက္ခိုင့်တပ်တော်မှ စုံစမ်းစစ်ဆေးနေဆဲ ကာလအတွင်း မုဒိန်းကျင့်ခံရမှု ရှိ/မရှိဆိုသည်ကို လက်ရှိအချိန်ထိ အတည်ပြုနိုင်ဖို့ အတိအကျပြောလို့မရသေးကြောင်း ဦးခိုင်သုခကဆိုသည်။

ဓာတ်ပုံစာ-ဦးမောင်မောင်အေး(အဓိကတရားခံ)၊ ဆရယမဒေါ်နှင်းယုနွယ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ