Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့ခံ ၁၂ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

ရခိုင်ပြည်၊ ရမ်းဗြဲမြို့ပေါ်မှ မြို့ခံ ၁၂ဦးကို စစ်ကောင်စီက အောက်တိုဘာ ၁၅ ရက်နေ့ကဖမ်းဆီးသွားသည်ဟု မျက်မြင်များနှင့် နီးစပ်သူများကပြောသည်။

ယမန်နေ့ အောက်တိုဘာ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရမ်းဗြဲမြို့၊ အမှတ်(၃) အင်းတောင်ရပ်ကွက်တွင်ရှိသည့် ကိုကျော်မင်းဟန်ဝက်ရှော့ဆိုင်မှ ဆိုင်ပိုင်ရှင် ကိုကျော်မင်းဟန်အပါအဝင် ၄ ဦးနှင့် အနီးပတ်ဝန်းကျင်မှ မြို့ခံတချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု မျက်မြင်မြို့ခံတစ်ဦးကပြောသည်။

“ကိုကျော်မင်းဟန် ဆိုင်ကို ဝင်ပြီးဖမ်းတယ်။ အဲ့ဒီဆိုင်ကတော့ သူအပါအဝင် ၄ ယောက်ပေါ့။ ပြီးတော့ အနီးအနားက လူတစ်ချို့ကိုလည်း ဖမ်းသွားတယ်။ အားလုံးပေါင်း ၁၀ ယောက်လောက်တော့ရှိမယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူများမှာ ကိုကျော်မင်းဟန် အသက် (၃၉) နှစ်၊ ကိုပြည့်ဖြိုးအောင် အသက် (၃၂) နှစ်၊ ဦးစိုးနိုင် အသက် (၄၃)နှစ်၊ ဦးစံလင်း အသက် (၅၅) နှစ်၊ ဦးထွန်းထွန်းအောင် အသက် (၄၀)နှစ်၊ မောင်မျိုးအောင်ထက်(၁၉) နှစ်၊ ကိုသက်နိုင်ထွန်း အသက် (၃၄)နှစ်၊ ကိုမျိုးမင်း အသက်(၃၄)နှစ်နှင့် ဦးကိုကိုအောင်(၃၆)နှစ် တို့နှင့် ရမ်းဗြဲမြို့နယ်၊ တိန်ပြင်ကျေးရွာမှ ဦးခင်မောင်ရွှေ အသက်အသက်(၃၇)နှစ်၊ ရမ်းသစ်ချေကျေးရွာမှ ကိုမင်းထက်လွင်တို့ ၂ ဦးကိုလည်း အောက်တိုဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးသွားသည်ဟု နီးစပ်သူတစ်ဦးကပြောသည်။

“ဖမ်းသွားတာတော့ ဟုတ်တယ်။ ခမရ (၃၀၈) တပ်က စစ်သားတွေ ဖမ်းသွားတာ။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာတော့ ကျနော်လည်း မသိဘူး”ဟု ကိုမင်းထက်လွင်နှင့် နီးစပ်သူ တစ်ဦးကပြောသည်။

မြို့ခံများဖမ်းဆီးမခံရမီ အောက်တိုဘာလ ၁၅ ရက် နံနက်ပိုင်းအချိန်ခန့်တွင် ရမ်းဗြဲ၊ အင်းတောင်တံတားအနီးတွင် စစ်မှူးထမ်းဟောင်းတစ်ဦးကို လူတစ်စုက ဖမ်းဆီးသွားပြီးနောက် မြို့ခံများကို စစ်ကောင်စီတပ် (၃၀၈)က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မြို့ခံအချို့က သုံးသပ်ပြောဆိုကြသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်းတွင် စစ်တွေမြို့၊ ကျောက်ဖြူမြို့များအပါအဝင် တခြားသော မြို့နယ်များတွင်လည်း အရပ်သားများအား ဖမ်းဆီးလျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ