Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်မြေဟု ဆိုကာ သံယောဇဥ် အရက်ဆိုင်ပိုင်ရှင်အိမ်နေရာကို အင်အားသုံး သိမ်းယူခြင်းဖြစ်ပွား၊ နေရာမှာ ရပ်ကွက်ပိုင် မြေဖြစ်ကြောင်း ရပ်ကွက်သားများဆို

ABN-ရာဟု

ဇူလိုင် ၄ရက်

ရခိုင်ပြည် ရမ်းဗြဲမြို့ရှိ သံယောဇဥ် အရက်ဆိုင်ပိုင်ရှင် အိမ်နေရာကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ၎င်းပိုင်မြေဟုဆိုကာ ဇူလိုင်လ ၃ရက်နေ့ နံနက် ၁၁နာရီ၃၀ မိနစ်ခန့်က အင်အားသုံးကာ သိမ်းယူမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ရမ်းဗြဲမြို့ အမှတ် ၃ ရပ်ကွက် ပုတင်စု စောမဲကျီလမ်းတွင်ရှိသည့် နေအိမ်နှင် ဆိုင် ပူးတွဲဖွင့်လှစ်ထားသည့် နေရာကို ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင်မြေဟုဆိုကာ ရဲအင်အား ၄၀ကျော်နှင့် ဌာနဆိုင်ရာ ၅ခုမှ ဝန်ထမ်းများအပါအဝင် စုစုပေါင်း အင်အားလူ ၁၀၀ ခန့်က ဘော်ဒူဇာစက်ကြီးများဖြင့် အင်အားသုံးကာ လာရောက်ဖြိုချဖျက်စီးပြီး အိမ်ပိုင်ရှင် ဦးအောင်လွှင်နှင့် ညီဖြစ်သူ ဦးမောင်သန်းဌေး(ခ)မောင်ဘွား တို့ ၂ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်ဟု သိရှိရသည်။

၎င်းအိမ်မြေနေရာသည် ဆောက်လုပ်ရေးဌာနပိုင်မြေမဟုတ်ကြောင်းနှင့် မြေပိုင်ဆိုင်သည့် အထောက်အထားတစ်ခုမှဆောက်လုပ်ရေးဌာနက မပြနိုင်ဘဲ မတရားအင်အားသုံးကာ လာရောက်ဖြိုချသိမ်းပိုက်ခြင်းသာဖြစ်ပြီး အိမ်မြေနေရာတွင် ၎င်းတို့နေထိုင်နေသည်မှာ နှစ်၂၀ကျော်ကြာမြင့်နေပြီဟု ဦးအောင်လွှင်၏ ဇနီးဖြစ်သူက ပြောဆိုသည်။

“သူတို့က မတရားအင်အားသုံးပြီး ကျမတို့အိမ်ကို ဖျက်ဆီးပြီးသိမ်းသွားတာ၊ သူတို့ဌာနပိုင်တဲ့ ဘာအထောက်အထားမှ ပြနိုင်တာလည်းမဟုတ်ဘူး၊ ကျမတို့နေလာတာ နှစ် ၂၀ကျော်နေပြီ၊ မတရားသိမ်းပိုက်ခံရတာ ” ဟု ဦးအောင်လွှင် ဇနီးဖြစ်သူ ဒေါ်မထွေးမှ ABN သို့ပြောသည်။

မြေနေရာကို ၂၀၁၅ခုနှစ်ကတည်းက ဆောက်လုပ်ရေးဝန်ကြီးဌာနက ပိုင်သည့်မြေဟုဆိုကာ နေအိမ်ပိုင်ရှင်ကို တရားစွဲဆိုခဲ့သော်လည်း သူတို့ဖက်က သက်သေအထောက်အထား မပြနိုင်သည့်အတွက် တရားရုံးက အမှုကိုပယ်ချခဲ့သည်ဟု မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

“သူတ်ို့ ဌာန ပိုင်တယ်ဆိုပြီး ၂၀၁၅ ကတည်းက တရားစွဲဆိုဖူးတယ်၊ ရုံးတက်တော့ သူတို့ပိုင်တဲ့အကြောင်း သက်သေ မရှိတာ အမှုကိုတရားရုံးက ပယ်ချခဲ့တာ” ဟု အမည်မဖော်လိုသူ မိသားစုဝင်တစ်ဦးက ABN သို့ ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အင်ဂျင်နီယာ ဦးအောင်မြင့်နှင့် အင်အား လူ၁၀၀ကျော်တို့က စက်ကြီးများဖြင့် နေအိမ်နှင့် ဆိုင်ကို အင်အားသုံး ဖြိုချရန် ပြုလုပ်ခဲ့သော်လည်း ရက်ကွက်တွင် နေထိုင်သူများ ဝင်ရောက်ပြောဆိုမှုများကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်ဟု သိရသည်။

ယခင်က ၎င်းမြေနေရာတွင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များနေထိုင်ခဲ့ကြပြီး ဦးအောင်လွှင်တို့ မိသားစုကိုလည်း နေထိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ရာ နေထိုင်လာသည်မှာ နှစ်ပေါင် ၂၀ကျော် ကြာမြင့်နေပြီ ဖြစ်ကာ၊ ထိုမြေနေရာမှာ ရပ်ကွက်ပိုင် မြေနေရာသာ ဖြစ်သည်ဟု ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောဆိုသည်။

” မြေကို ရပ်ကွက်ကပိုင်တာ၊ထောက်လှမ်းရေးတွေ အဲနေရာမှာ ဆောက်နေကြတာ ၊ သူတို့မိသားစုလည်းအဲမှာဆိုင်ရောင်းပြီးနေကြတာနှစ် ၂၀ကျော်ပြီ၊ ဆောက်လုပ်ရေးဌာနနဲ့ ဘာမှဆိုင်တာမဟုတ်ဘူး” ဟု ရက်ကွက်နေ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ABN သို့ ပြောဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက အင်အားသုံးသိမ်းပိုက်ထားသည့် မြေနေရာမှာ ရမ်းဗြဲမြို့တွင် အချက်အချာကျသည့်နေရာတွင်ရှိကာ အလျား ပေ ၇၀နှင့် အနံ ပေ ၅၀ အကျယ်အဝန်းရှိသည့် မြေနေရာဖြစ်သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ