Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် AA နှင့်ဆက်စပ်သူများဟုစွပ်စွဲကာ တရားရင်ဆိုင်နေရသူများ အမှုများကိုစစ်ဆေးပြီးဖြစ်သော်လည်း အပြီးသတ်အမိန့်မချဘဲ အကြိမ်ကြိမ်ရုံးချိန်းရက်ရွှေ့ဆိုင်းနေ

ABN-ရာဟု

ရခိုင်ပြည်တွင် အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးကာ တရားစွဲဆိုခံရပြီး တရားရင်ဆိုင်နေရသည့် အမှုများ စစ်ဆေးပြီးဖြစ်သော်လည်း အပြီးသတ်အမိန့်မချဘဲ ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ အကြောင်းအမျိုးမျိုးပြ၍ အကြိမ်ကြိမ် ရုံးချိန်းရွေ့ဆိုင်းနေသည်ကို တွေ့ရသည်။

အမှုစစ်ဆေးပြီးစီးပြီးဖြစ်သော်လည်း အပြီးသတ်အမိန့်မချနိုင်ဘဲ စောင့်ဆိုင်းနေသူများမှာ မြောက်ဦးမြို့မှ ကိုရင်ဆို့၊ အလွတ်တမ်းသတင်းထောက် ကိုဖိုးသီဟ(ခ) မြတ်သူထွန်း၊ ကျောက်တော်မြို့မှ လူထုဇော်ဝင်း (ခ)ဦးဇော်ဝင်း၊ မင်းပြားမြို့နယ်မှ ဦးသိန်းဇော်တို့အပြင် နောက်ထပ်လည်းရှိနေသေးကြသည်။

၄င်းတို့အားလုံးမှာ ၅၀၅(က) အပြင် တချို့မှာ မတရားအသင်းဆက်သွယ်မှုတို့ဖြင့် စကစတပ်က တရားစွဲဆိုခံထားရသူများဖြစ်ကြသည်။

လူမူကွန်ရက်စာမျက်နှာတွင် လူသိများပြီး ရယ်စရာဟာသများရောနှောကာ ပြောဆိုတတ်သည့် ကိုရင်ဆိုကို ၂၀၂၃ခုနှစ် စက်တင်ဘာလ ၄ရက်နေ့တွင် ရဲနှင့်စစ်သားများက ၎င်းနေထိုင်ရာ တောင်ရပ်နှင့်ကန်လှတံတားဦးအနားရှိ နေအိမ်တွင်လာရောက် ဖမ်းဆီကာ ခမရ ၃၇၇သ်ို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ကိုရင်ဆို့ကို NUG ၊CRPHတို့နှင့်ဆက်စပ်သည်ဟုစွပ်စွဲချက်ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ၂၀၂၂ စက်တင်ဘာ လ၆ရက်နေ့တွင် စကစက သတင်းထုတ်ပြန်ခဲ့ပြီး ၂၀၂၃ခု ဖေဖော်ဝါရီလက အမှုကို အပြီးသတ်စစ်ဆေးခဲ့ပြီးဖြစ်သော်လည်း ယနေ့ထိတိုင် အပြီးသတ်အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းထားနေသည်ကိုတွေ့ရသည်။

အလားတူ မြောက်ဦးမြို့ လက်ကောက်စျေးရပ်ကွက်မှ အလွတ်တန်းသတင်းထောက် ကိုဖိုးသီဟ(ခ)ကိုမြတ်သူထွန်းကိုလည်း ၂၀၂၂ခုနှစ် စက်တင်ဘာ၂၀ရက်က ရဲနှင့်စစ်သားများကလာရောက်ဖမ်းဆီးကာ ၅၀၅(က)ဖြင့်တရားစွဲဆိုထားခဲ့ပြီး အမှုကို စစ်ဆေးပြီးစီးဖြစ်သော်လည်း ယနေ့အချိန်ထိ အပြီးသတ်အမိန့်မချဘဲ အပတ်စဥ် ရုံးထုတ်ပြီး ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းနေသည်။

ကျောက်တော်မြို့မှ လူထုဇော်ဝင်း အမှုမှာလည်း ၂၀၂၂ခုနှစ် ဇွန်လကတည်းက ၅၀၅(က)ဖြင့်မတရားဖမ်းဆီး တရားစွဲဆို ခံထားရပြီး အမှုကိုအပြီးသတ်အမိန့်ချမည့်ရက်ကို အကြိမ်ကြိမ် ရုံးချိန်းရွေ့ဆိုင်းမှုပြုလုပ်နေကြောင်း နှင့် အပြစ်မရှိလျှင် အမြန်ဆုံး ပြန်လည်လွှတ်ပေးစေလိုသည်ဟု လူထုဇော်ဝင်း ဇနီးကပြောသည်။

“အမှုက ပြီးနေပြီ အမိန့်ချမယ့်ရက်ကို အကြိမ်ကြိမ် ရက်ရွှေ့နေတယ် တရားရုံးက၊ အပြစ်ရှိတယ်ဆိုရင်အပြစ်ပေးပေါ့ မရှ်ိရင်လည်းမရှိပေါ့ အမြန်အမိန့်ချစေချင်ပါတယ်” ဟု လူထုဇော်ဝင်းဇနီးက ABNကို ပြောသည်။

မင်းပြားမြို့ ငှက်ရဲကောက်ရွာမှ ဦးသိန်းဇော်ကိုလည်း ၎င်းနေထိုင်ရာအိမ်တွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က စကစတပ်က လာရောက်ဖမ်းဆီးကာ AAနှင့်ဆက်စပ်သည်ဟုစွပ်စွဲပြီး အမှတ် ၈၂၈ထောက်ပို့တပ်မှ ဗိုလ်ကြီး စစ်မင်းနိုင်က တရားလိုပြုလုပ်ကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခဲ့သည်။

ဦးသိန်းဇော်အမှုကို စစ်ဆေးမှု ပြီးစီးနေသော်လည်း အပြီးသတ်အမိန့်ချမည့်ရက်ကို တရားသူကြီးက အကြောင်းအမျိုးမျိုးပြကာ ရက်ရွှေ့နေသည့်အတွက် အမှုမှာ ၁နှစ်ကျော်ကြာမြင့်လာကာ အမြန်ပြီးပြတ်အောင် အမိန့်ချစေချင်ကြောင်း မိသားစုဝင်များက ပြောဆိုသည်။

ရခိုင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကစွဲဆိုထားသည့် အမှုများကို သက်ဆိုင်ရာမြို့နယ်တရားရုံးများက စစ်ဆေးနေကြရသော်လည်း အပြီးသတ်အမိန်များကို ချပေးပိုင်ခွင့်မရှိဘဲ အထက်ကတ်ိုက်ရိုက် စာအိတ်ဖြင့်အမိန့်များရောက်လာသည်ကိုသာ ဖတ်ပြကာ အမိန့်ချပေးနေရသည့်ဟု အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက ​ပြောသည်။

“တရားသူကြီးတွေက စစ်သာစစ်နေရတာ ၊အမိန့်ချပေးခွင့်မရှ်ိဘူး၊ အထက်ကအမိန့်စာလာတယ်၊

အဲဒီအမိန့်စာမရသရွေ့ ရက်ရွှေ့နေကြရတာ” ဟု အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက ABNကိုပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ ၂၀၀ကျော်ကိုဖမ်းဆီးထားပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ ( ၁ ) နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ ( က ) တို့ဖြင့်အပြင် စစ်ပုန်ကန်မှု ၁၃၁ ဖြင့်ပါ စစ်ကောင်စီတပ်က တရားလိုလုပ်ကာတရားစွဲဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ