Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တိုက်ပွဲအတွင်း လက်လုပ်လက်စားများ အသက်ရှင်သန်ရေး အခက်ကြုံနေရ

ရက္ခိုင်တိုက်ပွဲအတွင်း လက်လုပ်လက်စားများ အသက်ရှင်သန်ရေး အခက်ကြုံနေရ

(တချို့စစ်ရှောင်များမှာ သား၊ သမီးများ ငတ်မွတ်လာသည့်အတွက် ရွာအတွင်းသို့ ဝင်ရောက်ပြီး အစား၊ အသောက်များ တောင်းခံနေကြသူများပင် ရှိသည်။)

AB News – မတ်လ ၂၈၊ ၂၀၂၄

ရက္ခိုင်တွင် တိုက်ပွဲဖြစ်ပွားနေသည့် ၅လတာ ကာလအတွင်း မြို့၊ ရွာများမှ လက်လုပ်လက်စားပြည်သူများမှာ အသက်ရှင်သန်ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း တွေ့ရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ စတင်၍ ရက္ခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် လက်လုပ်လက်စား အရပ်သားပြည်သူများမှာ ယခင်လုပ်ကိုင်လျက်ရှိသည့် နေ့စားအလုပ်အကိုင်များပင် ရှားပါးခဲ့ပြီး တောတောင်များတွင် သစ်ခုတ်၊ ဝါးခုတ် အလုပ် လုပ်ကိုင်နေသူများ မှာလည်း မိုင်းအန္တရာယ်များကြောင့် ထိခိုက်သေဆုံးမှုများရှိနေသည့်အတွက် တောတောင်များသို့ မသွားရဲဘဲ ဖြစ်လျက်ရှိသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေ့မှစ၍ စစ်ကောင်စီအဖွဲ့က ကုန်စည်စီးဆင်းနေသည့် လမ်းကြောင်းများကို ဖြတ်တောက်ခဲ့သောကြောင့် ကုန်စည်များ ပြတ်လပ်ပြီး ကုန်ဈေးနှုန်းများမှာလည်း အဆမတန်မြင့်တက်လျက်ရှိကာ လက်လုပ်လုပ်စား မိသားစုများမှာ ထမင်း ၂ နပ် ပုံမှန် စားနိုင်ရေး အခက်တွေ့လျက်ရှိကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မှ ဦးမောင်သာလှ (အမည်လွှဲ) ကပြောသည်။

“ကျနော်တို့ တစ်ရွာလုံး စစ်ဘေးရှောင်နေတာ ၃ လကျော်သွားပါပြီ။ ကျနော့်မှဆို ကလေး ၃ ယောက်နဲ့ ဘာအလုပ် ဘာဝင်ငွေမှ မရှိဘဲ ဒီအတိုင်း နားကပ်ကို ပေါင်ထားတဲ့ ငွေနဲ့ စားနေကြတာပါ။ ကြာရင် ထမင်းနပ်မှန်ဖို့ မလွယ်ဘူး။ အရင်တော့ ရွာမှာ ချောင်းမှာ ငါးဖမ်းပြီးတော့ ရောင်းတယ်။ ခုက ချောင်းလည်း ဆင်းလို့မရဘူး၊ တောင်လို့ တက်လို့မရဘူး။ မိုင်းကိုကြောက်ရတယ်၊ လက်နက်ကြီးကို ကြောက်ရတယ်” ဟုပြောသည်။

ထို့အပြင် ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်သိမ်းပိုက်ထားသည့် ရက္ခိုင်ရှိမြို့များတွင်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ မပြတ်ရှိနေသေးသောကြောင့် စစ်ဘေးရှောင်များ ပြန်လည် နေရာချထားရေးနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးတို့ကို မလုပ်နိုင်သေးသည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များကြောင့် ဒေသခံပြည်သူများမှာ ဆက်လက်တိမ်းရှောင်နေရကာ စားဝတ်နေရေးပြဿနာများကို ရင်ဆိုင်နေရကြောင်း မင်းပြားဒေသခံ ၁ဦးက ပြောသည်။

“ကျနော်တို့မြို့မှာတော့ မြေပြင်တိုက်ပွဲတွေတော့ မရှိတော့ပါဘူး။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်ရှိနေတော့ အပြင်သွားပြီး ငါးရှာ၊ ဟင်းခူးတောင် မသွားရဲဘူး။ မိုင်းအန္တရာယ်တွေကိုလည်း ကြောက်နေရတယ်။ ကျနော်တို့လို လက်လုပ်လက်စားတွေမှာ အလုပ်အကိုင်မရှိလို့ မိသားစု စားဝတ်နေရေးက အရမ်းကို ခက်ခဲနေတာပါ” ဟု ဆိုသည်။

ကုန်စည်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသည့်အချိန်တွင် လက်လုပ်လက်စား စစ်ဘေးရှောင်များမှာ အလုပ်အကိုင်များရှားပါးနေသည့်အပြင် နိုင်ငံတကာ INGO၊ NGO၊ CSO အဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့မှုများ မရရှိကြောင်း မြောက်ဦးမြို့ စစ်ရှောင်အမျိုးသမီး ၁ဦးက AB News သို့ ပြောကြားသည်။

“တိုက်ပွဲမဖြစ်ခင်အချိန်မှာ INGO၊ NGO အဖွဲ့တွေက ထောက်ပံ့ရေးပစ္စည်းတွေတော့ ရခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ အချိန်ကစပြီး ဘာအကူအညီမှ မရရှိတော့ပါဘူး။ အခုတော့ ကျမယောင်္ကျားက နေ့စားအလုပ်တွေ လုပ်တယ်။ အလုပ်မရှိတဲ့နေ့ဆိုရင် ထမင်းတစ်နပ်တည်း စားပြီးနေရတာတွေရှိတယ်” ဆိုသည်။

သို့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလက မြောက်ဦးမြို့နယ်ရှိ ဘုရားကြီးရွာ၊ ဝေသာလီရွာနှင့် ပေါက်တောပြင်ကျေးရွာများတွင် (Danish Refugee Council- DRC) အဖွဲ့ က အသုံးအဆောင်ပစ္စည်းများ ထောက်ပံခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ရက္ခိုင်တွင် စစ်ကောင်စီသည် မြို့၊ ရွာများကို ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ရက် နံနက်ပိုင်းအချိန်တွင် မောင်တောမြို့မှ UNHCR လက်အောက်ခံအဖွဲများဖြစ်ကြသော WFP၊ ACF၊ BAJ၊UNICEF၊ UNFPA၊ UNDP၊ IOM၊ Malteser ၊UNDSS ၊DRC၊ CFSI၊NRC၊CSI၊ Word Vision တို့မှ နိုင်ငံခြားသားများနှင့်ဝန်ထမ်းများအားလုံး ရက္ခိုင်ပြည်မှ ထွက်ခွာသွားခဲ့ကြသည်ကို တွေ့ရသည်။

မြောက်ဦးမြို့ရှိ နေ့လုပ်နေ့စားများမှာ အလုပ်အကိုင်ရှားပါးသည့်အပြင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် အပြင်ထွက်ပြီး အလုပ်လုပ်ရန် အခက်အခဲများကြောင်း ငတ်မွတ်နေရသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း မြို့ခံ ၁ဦးက ပြောသည်။

“စစ်ရှောင်တွေဟာ မိုးကာတာလဘတ်တွေကို မိုးပြီး နေကြတာ ရှိတယ်။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ များလာတဲ့ အတွက်ကြောင့်ပေါ့။ အခုဆိုရင် လုံးဝ စားစရာ မရှိတဲ့ စစ်ရှောင်တွေရှိတယ်။ ပါတာလေးတွေလည်း ထုခွဲရောင်းချလို့ ကုန်ကြပြီ” ဟု ဆိုသည်။

တချို့စစ်ရှောင်များမှာ သား၊သမီးများ ငတ်မွတ်လာသည့်အတွက် ရွာအတွင်းသို့ ဝင်ရောက်ပြီး အစား၊ အသောက်များ တောင်းခံနေကြသူများပင် ရှိကြောင်း ဆိုသည်။

“အရင်က မြောက်ဦးစစ်ဘေးရှာင်စခန်းမှာ နေခဲ့တဲ့ မိသားစု ၁ စုဟာ ကျမတို့ ရွာရဲ့ ဘုန်းကြီးကျောင်းကို စစ်ရှောင်လာခဲ့တယ်။ အဖေဖြစ်သူကလည်း ကျန်းမာရေး မကောင်းဘူး။ သူတို့မှာ ရှိတာလေးတွေလည်း ထုခွဲရောင်းချ စားသောက်လို့ ကုန်သွားပြီ။ သားသမီးတွေ ဗိုက်ဆာလာလို့ မိခင်ဖြစ်သူဟာ မရှက်နိုင်တော့ဘဲ ရွာထဲမှာ ထမင်းတောင်းပြီး ကျွေးခဲ့ရတယ်။ ကလေးတွေဆို ပိန်ရှုံ့နေကြတယ်” ဟုတ် မြောက်ဦးမြို့နယ်မှ အမျိုးသမီးငယ်တစ်ဦးက ၎င်းမြင်လိုက်သည်ကို AB News သို့ ပြောပြသည်။

ကျောက်တော်မြို့ရှိ ဒေသခံပြည်သူများမှာလည်း စားဝတ်နေရေးကိစ္စများကို ဖြေရှင်းရန်အတွက် မြေမြှုပ်မိုင်းအန္တရာယ်ကို မျက်ကွယ်ပြုကာ တောတောင်များတွင် အလုပ်လုပ်ကိုင်နေကြရသည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“မနှစ်က ဆိုရင် ပဲခြွေတဲ့ အလုပ် လုပ်တယ်။ ဒီနှစ်တော့ တိုက်ပွဲတွေကြောင့် ပဲခင်းစိုက်တဲ့ သူတွေ မရှိကြဘူး။ မြစ်တွေမှာလည်း နေဗီတွေ သွားလာလှုပ်နေတာတွေ ရှိတယ်။ အဲ့တာကြောင့် မိုင်းရှိတာလည်း ဂရုမစိုက်နိုင်ဘူး။ တောင်တက်ပြီး သစ်ခုတ်၊ ဝါးခုတ်ပြီးတော့ အသက်ဆက်နေရတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၃ရက်နေ့က မင်းပြားမြို့တွင် ဝါးခုတ်၊ သစ်ခုတ်နေသည့် ဒေသခံပြည်သူ ၈ ဦးအား စစ်ကောင်စီအဖွဲ့က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခဲ့ကာ ၅ ဦးအား တောထဲတွင် ပစ်သတ်ခဲ့ပြီး ကျန် ၃ ဦးအား ရက္ခိုင့်တပ်တော်က ကယ်ဆယ်နိုင်ခဲ့သည့်အတွက် လွတ်မြောက်ခဲ့ကြောင်း လွတ်မြောက်လာသူများက ထွက်ဆိုထားသည်ကို ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် တွေ့ရသည်။

ရက္ခိုင်တွင် မတရားဖမ်းဆီးမှုများ ဆက်လက်ဖြစ်ပွားနေပြီး ပဋိပက္ခဖြစ်ပွားရာ လက်နက်ကိုင်တပ်ဖွဲ့ ၂ဖွဲ့လုံးနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၇၀၀ ကျော်ရှိခဲ့ကြောင်း မတ်လ ၃ရက်နေ့တွင် UN-OCHAက ထုတ်ပြန်ခဲ့သည်။

စစ်ကျန်မြေမြှုပ်မိုင်းများကြောင့် ယခုမတ်လအတွင်း ဒေသခံပြည်သူ ၁ဦးသေဆုံးခဲ့ရပြီး နှင့် ဒဏ်ရာရရှိသူ ၆ဦးထက်မနည်း ရှိသည်။

ရက္ခိုင်တွင် ၂၀၁၈မှ ၂၀၂၀ ခုနှစ်အထိ တိုက်ပွဲကာလအတွင်း ထွက်ပြေးခဲ့ရသည့် စစ်ဘေးဒုက္ခသည် ၆၂၃၃၂ ခန့်ရှိပြီး ယခုတကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားသည့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့အထိ စစ်ဘေးဒုက္ခသည် ၂၆၈၇၃၁ ခန့်အထိ ရှိလာကာ စုစုပေါင်းစစ်ဘေးဒုက္ခသည် ၃၃၁၀၆၇ ဦးအထိ ရှိလာကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက် ရေးရုံး (HDCO) က ထုတ်ပြန်ထားသည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ